
ယူရိုပါလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် မပေးသင့်ကြောင်း အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သုံးသပ်သွားပါတယ်။
ပြင်သစ်နည်းပြဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေး အကြီးအကဲအဖြစ် တာဝန်ယူနေသူဖြစ်ပြီး ယူရိုပါလိဂ်ချန်ပီယံအသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် မပေးသင့်ကြောင်း ထောက်ပြခဲ့တာပါ။
ယူရိုပါလိဂ်ချန်ပီယံအသင်း အနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့်သာ ပေးသင့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ပေးဖို့ မလိုအပ်ကြောင်း၊ အထူးသဖြင့် အင်္ဂလန်ပရီးမီးယားလိဂ်မှာ ၅ သင်းအထိ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားပြီးဖြစ်လို့ နောက်ထပ်တသင်း ဝင်ခွင့်မရသင့်ကြောင်း အာစင်ဝင်းဂါးက ပြောပါတယ်။
အဲဒီလိုစည်းမျဉ်းကို ဥရောပဘောလုံးအဖွဲ့ချုပ်ဘက်က ပြန်လည်သုံးသပ်သင့်ကြောင်းလည်း အာစင်ဝင်းဂါးက ပြောပါတယ်။
အခုနှစ် ယူရိုပါလိဂ်မှာ မန်ယူနဲ့ စပါးအသင်းတွေက ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းနေပြီး အင်္ဂလန်တသင်းက ချန်ပီယံဖြစ်မယ်ဆိုရင် လာမယ့်ရာသီ ချန်ပီယံလိဂ်မှာ အင်္ဂလန်ကလပ် ၆ သင်းအထိ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။