
မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းခံရပြီး စစ်မှုထမ်းနေရသူ ၃ ယောက်ဟာ ဧပြီ ၃၀ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့ အတူ အလင်းဝင်ရောက်လာခဲ့ကြတယ်လို့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက မေ ၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “တပ်မ ၉၉ လက်အောက်ခံ မင်းဘူး ခမရ ၄၁၇ တပ်ရင်းထဲမှာ စစ်မှုထမ်းနေရတဲ့ တပ်သားသစ် ၃ ယောက်က သူတို့ရဲ့ လက်နက်ခဲယမ်းတွေနဲ့အတူ ကျနော်တို့တပ်ဖွဲ့ဆီကို တရက်တည်း အတူတူ အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
အလင်းဝင်လာကြသူတွေကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေးမှုတွေ ဆောင်ရွက်နေရတဲ့အတွက် သတင်းထုတ်ပြန်ချိန် ကြန့်ကြာခဲ့တာလို့လည်း ဆိုပါတယ်။
မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်း တပ်ရင်းမှူး ဗိုလ်ဇာမဏီက “သူတို့ ၃ ယောက်က စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ သင်တန်းဆင်းတာချင်း တူတယ်။ ဒါပေမဲ့ စစ်သင်တန်းတက်ရတဲ့ နေရာချင်းလည်း မတူဘူး၊ ဟိုပုံး၊ ဗထူးနဲ့ ရပ်စောက်တွေမှာ စစ်သင်တန်းတက်ခဲ့ကြရတယ်။ တဦးချင်းရဲ့ ဇာတိမြို့နယ်တွေလည်း တယောက်နဲ့တယောက် မတူကြဘူးဗျ။ နေပြည်တော်ဘက်က တယောက်၊ စလင်းမြို့နယ်ထဲက တယောက်၊ အောင်လံမြို့နယ်ထဲက တယောက် ဆိုတော့ စုစုပေါင်း ၃ ယောက်ပါ။ ၃ ယောက်လုံး ပေါ်တာဆွဲခံရသူတွေချည်းပဲ” လို့ DVB ကို ပြောပါတယ်။
အလင်းဝင်ကြသူတွေကို လူ့အခွင့်အရေး အပြည့်အဝ ရရှိစေပြီးတော့ ကျန်ရှိနေကြသေးတဲ့ စစ်ကောင်စီလက်အောက်ခံတွေ အနေနဲ့လည်း ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံဖို့ နောက်မကျသေးဘူးလို့ သူက ဆက်ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ MA1 သေနတ် ၃ လက်၊ 5.56 ကျည်အတောင့် ၆၅၀၊ ကျည်အိမ် ၁၅ ခု၊ အီကွစ်မန့် ၃ ခု၊ စစ်ဦးထုပ် ၃ လုံး၊ လက်ပစ်ဗုံးတလုံး၊ EY ၃ လုံးတို့ ယူဆောင်လာခဲ့ကြတာဖြစ်လို့ သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ချီးမြှင့်ပေးထားတယ်လို့လည်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းဆီကနေ သိရပါတယ်။