
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ နေရာကို မေ ၃ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
ဒေါင်းစစ်အောင် LPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ဘက်က အင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းကို ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေလို့ အခုရက်ပိုင်းမှာ နေ့တိုင်းလိုလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ အနီးဝန်းကျင်ရွာတွေနားကို စစ်တပ် လေကြောင်းပစ်ကူ Y12 လေယာဥ်က အဲဒီနေ့ည ၈ နာရီလောက်ကနေ ဗုံးစကြဲတာ သန်းခေါင်အချိန်အထိ ၆ ကြိမ်ထက်မနည်းဘူး။ ဗုံးအလုံး ၅၀ နီးပါး ဆက်တိုက်ကြဲသွားခဲ့တာပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေပူကန်ကျေးရွာနဲ့ ကုက္ကိုလ်တန်းကျေးရွာတွေ ဝန်းကျင်ကို ဗုံးတွေကြဲချ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်းပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံက “အဲဒီဘက်တွေမှာ သူတို့ဘက်က အင်အား ၁၅၀ လောက်ပါတဲ့ ခြေလျင်စစ်ကြောင်းကို ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်နေတာရှိလို့ သူတို့စစ်ကြောင်း ပိတ်မိနေတယ်။ အဲဒါကြောင့်မို့လို့ လေကြောင်းပစ်ကူက ဗုံးလာကြဲတာ ဖြစ်နိုင်တယ်။ ရွာတွေဘက်မှာ ပြည်သူတွေက မရှိတော့ဘူး။ စစ်ကြောင်းခဏခဏဝင်ပြီး ဖျက်ဆီးလွန်းလို့ ထွက်ပြေးနေကြတာ ကြာပြီ။ အခု ဗုံးကြဲခံရလို့ ကျနော်တို့ တော်လှန်ရေးရဲဘော်တွေကော ပြည်သူတွေကော ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လူနေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးတဲ့ အခြေအနေတော့ မသိရသေးဘူးပေါ့ဗျာ” လို့ DVB ကို ပြောပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို စလင်းအခြေစိုက် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၅ တပ်ရင်းတို့အပြင် ဒေါင်းစစ်အောင် LPDF နဲ့အတူ တခြား မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းတိုက်ခိုက်နေကြတာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
မတ် ၁၂ ရက်မှာ စလင်းမြို့နယ်ထဲက နေပူကန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ လူနေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး ကုက္ကိုလ်တန်းကျေးရွာကိုလည်း မတ် ၁၃ ရက် ညပိုင်းမှာ ကျပင်းတောင်ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ကြရတယ်လို့ စလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။