
ကရင်ပြည်နယ်ကို စစ်ကူသွားမယ့် စစ်ကြောင်းကိုဖြတ်တောက်ဖို့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်-ရန်ကုန် ကားလမ်းမပေါ်က မိုးကောင်းတံတားကို မေ ၃ ရက် မနေ့ ညပိုင်းက ဖောက်ခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမှာ စစ်ရေးဖော်ဆောင်နေတဲ့ အောင်ဇေယျ စစ်ဆင်ရေးအတွက် အင်အားဖြည့်တင်းဖို့ သွားရောက်မယ့် စစ်ကောင်စီစစ်ကြောင်းကို ဖြတ်တောက်တဲ့အနေနဲ့ လုပ်ဆောင်ခဲ့တာလို့ သထုံမြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတယောက်က DVB ကိုပြောပါတယ်။
“စစ်ရေးအရ ဖြတ်တောက်လိုက်တဲ့ သဘောပါ။ ကော့ကရိတ်ဘက်ကို စစ်ကူပို့မယ့် စစ်ကောင်စီစစ်ကြောင်းက မနေ့တုန်းက ညောင်ခါးရှည်ဂိတ်က ဖြတ်ကျော်လာတဲ့ သတင်းရတာနဲ့ ချက်ချင်း ဖြတ်တောက်လိုက်တာပါ။ ခရီးသွားတွေအနေနဲ့က ပတ်လမ်းကတဆင့် သွားလာလို့ရသလို ကျနော်တို့ဘက်ကလည်း လုံခြုံရေးအတွက် ဆောင်ရွက်ပေးထားပါတယ်”
မိုးကောင်းတံတားကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၈ ရက်ကလည်း မိုင်းဖောက်ခွဲခံခဲ့ရလို့ တံတားတစစီပျက်စီးခဲ့တဲ့အပြင် ပြည်သူတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီ-အာရှလမ်းကို စစ်ကောင်စီဘက်က ထိန်းချုပ်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေပေမယ့် အရှုံးနဲ့ပဲရင်ဆိုင်နေရသလို လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ဖြတ်တောက်နေလို့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။