
ပဲခူးတိုင်း၊ ကဝမြို့နယ်ရှိကျေးရွာတချို့မှာ စစ်မှုထမ်းဖို့ မဲနှိုက်ရမယ့်အပြင် အိမ်ထောင်စုအလိုက်ကို သတ်မှတ်ထားတဲ့ ငွေပမာဏ ကောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်မှုထမ်းဖို့ အသက်မီတဲ့သူတွေကို အလှည့်ကျဆင့်ခေါ်ဖို့ ဒီရက်ပိုင်းထဲမှာ မဲနှိုက်မယ့်အကြောင်း အသိပေးထားတာလို့ ဆိုပါတယ်။
ကဝမြို့နယ်၊ ဘိုတဲရွာမှ ပြည်သူတယောက်က “မဲလည်းနှိုက်မယ်၊ ပိုက်ဆံလည်း သွင်းရမယ်ဆိုတော့ လွန်တာပေါ့။ ဒီမှာတော့ တအိမ် ၂၀၀၀၀ ပေးရမယ်ပြောတယ်။ တခြားရွာတွေလည်း အတူတူပဲလို့ ကြားတယ်။ မဲနှိုက်လည်း ရွာတွေမှာက လူငယ်ပိုင်းက သိပ်ရှိတော့တာ မဟုတ်ဘူး” လို့ ပြောပါတယ်။
အရင်က အဲဒီမြို့နယ်အတွင်းက ရွာတွေအနေနဲ့ စစ်မှုမထမ်းရစေရေးအတွက် လစဥ်ငွေပေးသွင်းနေခဲ့ရတာလို့ ဆိုပါတယ်။
ကဝမြို့နယ်မှ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတယောက်က “တရွာကို သိန်း ဘယ်လောက်သွင်းရမယ် ဆိုပြီး သတ်မှတ်ပေးထားတာရှိတယ်။ အဲဒီတောင်းတဲ့အပေါ် မူတည်ပြီး ရွာအိမ်ထောင်စုအလိုက် အချိုးကျ သွင်းရတာ။ ရွာအိမ်ထောင်စုအပေါ် မူတည်ပြီး သွင်းရတဲ့ အမောက်က မတူဘူး။ မြို့မှာအခြေချတဲ့ စစ်တပ်နဲ့ ထွေအုပ်ရုံးကိုပေးရတာ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဖို့ မဖြစ်မနေ လူပေးရမယ်ဆိုရင် ငွေကြေးလိုအပ်သူကို ပိုက်ဆံပေးပြီး အစားထိုးထည့်ပေးရတာမျိုးတွေ ရှိတယ်လို့လည်း သူတို့က ပြောပါတယ်။
လက်ရှိမှာ စစ်မှုထမ်းကိစ္စကို အကြောင်းပြပြီး ငွေကောက်တဲ့အပြင် မဲပါနှိုက်မယ်ဆိုတာကြောင့် ဒေသခံတွေကြား ဝေဖန်နေကြတယ်လို့ သိရပါတယ်။