DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ တောင်းသည့် မြို့များအတွက် မဟာမိတ်နှင့် လူထုအသံ အလေးထားမည်ဟု TNLA ပြော
DVB
·
May 4, 2025
စစ်ကောင်စီ တောင်းသည့် မြို့များအတွက် မဟာမိတ်နှင့် လူထုအသံ အလေးထားမည်ဟု TNLA ပြော
Donate to DVB

ပလောင်ပြည်နယ် လွတ်‌မြောက်ရေးတပ်ဦး (PSLF/TNLA) က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေနဲ့ ဧပြီ ၁ လတာ လှုပ်ရှားမှုအခြေအနေတွေကို မေ ၄ ရက်နေ့ ဒီကနေ့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာတော့ တရုတ် ကြားဝင်စေ့စပ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအကြောင်း တင်ပြခဲ့ပြီး ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က TNLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ် စတဲ့ မြို့နယ်တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့နယ်ကို TNLA တပ်ဖွဲ့အားလုံး ပြန်လည်ဆုတ်ခွာဖို့ တောင်းဆိုခဲ့မှုအပေါ် လိုက်လျောနိုင်ခြင်း မရှိတဲ့အတွက် ဩဂုတ်လမှာ ထပ်မံဆွေးနွေးသွားဖို့ ရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဧပြီ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး စစ်ကောင်စီက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့ တဖက်သတ် တောင်းဆိုမှုတွေနဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေက တောက်လျှောက်ရှိနေတယ်လို့ PSLF/TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး တားပန်လက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ဖိအားပေးမှုကတော့ တောက်လျှောက် ရှိနေတယ်။ ဖိအားပေးမှုမှာ ဘယ်လိုအနေအထားမျိုးဖြစ်လဲဆိုတော့ လူထု ထိခိုက်မှုက ပြင်းထန်ပါတယ်။ ၂၀၂၄၊ ၁ လပိုင်းက စပြီးတော့ စကစ ဘက်က အောက်ဘက်ကနေ ပလောင်ဘက်ကို ရှမ်းမြောက်ကို တက်လာဖို့ လမ်းကြောင်းကို ပိတ်ဆို့ထားတယ်၊ အထဲကနေ အောက်ကို ပြန်ဆင်းဖို့ကိုလည်း လမ်းကြောင်းတွေ ပိတ်ဆို့ထားတယ်၊ ဖြတ်လေးဖြတ် ပုံစံမျိုး ပြုလုပ်ထားတယ်။ ဒါကြောင့်မို့ လူထုတွေ သွားလာလှုပ်ရှားနေတဲ့ နေရာမှာ စားဝတ်နေရေး ဖြေရှင်းရာမှာ အခက်အခဲတွေ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၄၊ ၆ လပိုင်းက စပြီးတော့ တရုတ်နိုင်ငံဘက်ကလည်း ဖြတ်ငါးဖြတ် ပုံစံမျိုး ကြားသိထားတဲ့အတိုင်းပဲ ဆောင်ရွက်လာတဲ့အတွက် တရုတ်နိုင်ငံနယ်စပ်မှာ နေကြတဲ့ ကျနော်တို့ လူထု‌တွေ၊ နယ်စပ်တွေ ပိတ်လောက်တော့ လူထုတွေ အလွန်ပဲ ထိခိုက်မှု ဖြစ်ပါတယ်။” 

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ ဧပြီ ၁ ရက်နေ့ကစလို့ ၁ လတာ ခုခံကာကွယ်ခြင်းမှအပ တဖက်သတ် အပစ်အခတ် ရပ်စဲရေး ထုတ်ပြန်ခဲ့သလို ဒီလူသားစာနာထောက်ထားတဲ့ ယာယီ အပစ်ရပ်စဲရေးကို မေ ၃၁ ရက်နေ့အထိ သက်တမ်းထပ်မံ တိုးခဲ့ကြောင်းလည်း တင်ပြခဲ့ပါတယ်။

TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးကတော့ စစ်ကောင်စီက ယာယီအပစ်ရပ်ထားတဲ့ ကာလမှာ လေကြောင်းတိုက်ခိုက်မှုတွေ ထိုးစစ်ဆင်မှုတွေ ပိုလုပ်လာပြီး ဒီအခြေအနေတွေကိုတော့ လက်ရှိအချိန်မှာ စောင့်ကြည့်နေပြီး မေလ ၁ လတာ အပစ်ရပ်ထားတဲ့အတွက် ထိုးစစ်ဆင်ခြင်းက လုပ်ဆောင်မှာ မဟုတ်သေးသလို လတ်တလောမှာ စစ်ကောင်စီရဲ့ လှုပ်ရှားမှုကို မိမိကိုယ်ကိုယ် ခုခံကာကွယ်ဖို့တော့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် စစ်ကောင်စီရဲ့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီး တာပန်လက “မိုးကုတ် ပေးနိုင်မလား၊ လောလောဆယ် အဲ့လို မရှိသေးပါဘူး၊ ကျနော်တို့နဲ့အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ အသံလည်း သတိထားရမှာ ဖြစ်သလို ကျနော်တို့ တိုက်ပွဲအောင်မြင်အောင် ဒီနယ်မြေကနေမှ စစ်အာဏာရှင်တွေ ထွက်ခွာသွားအောင် ပူးပေါင်းဆောင်ရွက်ရမယ့် လူထုတွေရဲ့ အသံတွေကိုလည်း ကျနော်တို့ အလေးထားရမှာ ဖစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ဟိုဟာပေးနိုင်မလား၊ ဒီဟာပေးနိုင်မလား အဲ့လိုပုံစံမျိုးတော့ လောလောဆယ် မရှိနိုင်သေးပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ပလောင်ပြည်နယ် လွတ်‌မြောက်ရေးတပ်ဦး PSLF/ TNLA အနေနဲ့ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် နှစ်ဖက်တပ်အနေနဲ့ ရောက်တဲ့နေရာမှာ အပစ်အခတ် ရပ်စဲဖို့၊ နှစ်ဖက်တပ်အနေနဲ့ ထိုးစစ်၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ စတဲ့ စစ်ရေးလှုပ်ရှားမှုအားလုံး ရပ်တန့်ရန်၊  နှစ်ဖက်ထိန်းချုပ်နယ်မြေတွေမှာ ဒေသခံပြည်သူတွေကို စားဝတ်နေရေး၊ ဆေးဝါး စတာတွေကို လွတ်လပ်စွာ သယ်ယူပို့ဆောင်နိုင်ရေး စတဲ့ အချက် ၃ ချက်ကိုသာ ရပ်တည် တောင်းဆိုထားပါတယ်လို့လည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013