
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာ ဧပြီ ၄ ရက် ဒီမနက်က ဝါးခုတ်ရင်း ဓာတ်လိုက်လို့ အမျိုးသားတယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပင်းတယသွားလမ်းပေါ် ဆားဖိတ်တောင်အရှေ့ဘက်မှာ ဒီမနက် ၇ နာရီလောက်က အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ နယ်မြေ ၁ နေ ဦးဝင်း ဟာ ဝါးခုတ်ရင်း လျှပ်စစ်ကြိုးပေါ် ဝါးလဲကျလို့ ဓာတ်လိုက်ခဲ့တာ ဖြစ်ပါတယ်။
လှည်းရိုးရပ်ကွက်နေ အမျိုးသမီးတယောက်က “ဦးဝင်းက သူ့ခြံမှာ ဝါးခုတ်တာ ခုတ်တဲ့ဝါးက လျှပ်စစ်ကြိုးပေါ် လဲကျတာ။ လဲကျတဲ့ဝါးကို သူက သွားဆွဲတော့ ဓာတ်လိုက်သွားတာ ပွဲချင်းပဲ သေဆုံးသွားတယ်။ လျှပ်စစ်ကြိုးနဲ့နီးရင် သစ်ပင်ဖြစ်ဖြစ်၊ ဝါးဖြစ်ဖြစ်၊ ခြံဖြစ်ဖြစ် ဂရုစိုက်သင့်ပါတယ်” လို့ ပြောပါတယ်။
သေဆုံးသူဦးဝင်းဟာ အသက် ၅၀ ဝန်းကျင်လို့ သိရပြီး သူ့ရုပ်အလောင်းကို အောင်ပန်းနာရေးကူညီမှုအသင်းက လာရောက်သယ်ဆောင်ပြီး ကလောမြို့ ဆေးရုံ ရင်ခွဲရုံဆီ ပို့ပေးခဲ့တယ်လို့လည်း သိရပါတယ်။
အောင်ပန်းမြို့မှာ ပြီးခဲ့တဲ့ ဧပြီလကလည်း လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးတကြိမ် လောင်ခဲ့ပါသေးတယ်။