
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နားက နောင်ရဲကျေးရွာမှာ အသက် ၆ နှစ်အရွယ် KG ကျောင်းသူကို သတ်ပြီး နားကပ်ဖြုတ်ယူခဲ့တယ်လို့ ဝန်ခံထားတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတယောက်ကို ဩဂုတ် ၈ ရက်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးငယ်ဟာ ဩဂုတ် ၆ ရက် ညနေ ၅ နာရီခွဲလောက်မှာ နေအိမ်ကနေ ပျောက်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ရွာသူရွာသားတွေက လိုက်လံရှာဖွေခဲ့ကြပြီးနောက် ည ၁၁ နာရီလောက်မှာ ဘုရားတောင် ရေစုကန်ထဲမှာ နားကပ်မပါဘဲ သေဆုံးနေတဲ့အခြေအနေနဲ့ ပြန်တွေ့ခဲ့ကြတယ်လို့ သိရပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းရာကနေ မသင်္ကာတဲ့ အမျိုးသမီးတယောက်ကို ဩဂုတ် ၈ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ကလေးငယ်ကိုခေါ်သွားကာ နားကပ်ဖြုတ်ယူ၊ ရေစုကန် ကန်ဘောင်ပေါ်ကနေ တွန်းချခဲ့တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
အဲဒီအမျိုးသမီးဟာ နောင်ရဲရွာမကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မမိုးမိုးထွေး (ခ) မိုးစက် ဖြစ်တယ်လို့ သိရပါတယ်။
နောင်ရဲကျေးရွာဟာ တောင်ပေါ်ဒေသမှာရှိပြီး ဆင်းရဲတဲ့ ရွာငယ်လေး ဖြစ်ပါတယ်။
ဒေသခံတယောက်က လို့ ပြောပါတယ်။
လတ်တလောမှာတော့ ကလေးငယ်ကို နားကပ်ဖြုတ်ယူပြီး ရေစုကန်ထဲ တွန်းချခဲ့တဲ့ နောက်ခံအကြောင်းရင်းကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။










