
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ကားပေါ်ကို ဓာတ်ကြိုးပြုတ်ကျလို့ အမျိုးသား ၃ ယောက် ဓာတ်လိုက်ပြီး တယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
သြဂုတ် ၁၂ ရက် ည ၁၀ နာရီခွဲလောက်က ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး ၃ အောင်ဇေယျလမ်းမှာ Express ယာဉ်ပေါ်ကို ဓာတ်ကြိုးပြုတ်ကျတာကြောင့် ကားပေါ်ရှိ အသက် ၃၀ ကျော်အရွယ် အမျိုးသား ၃ ယောက် ဓာတ်လိုက်ခဲ့ပြီး တယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒေသခံတယောက်က “တမာပင်အကိုင်းက ကျိုးကျတာ။ ဓာတ်ကြိုးတွေပေါ် ပြုတ်ကျပြီး ဓာတ်ကြိုးတွေက ကားပေါ်ကျတာ။ ဓာတ်ကြိုးတွေက ရှုပ်ယှက်ခတ်နေတာ။ တယောက်က ဓာတ်လိုက်ပြီး ဆုံးသွားတယ်” လို့ ပြောပါတယ်။
ဓာတ်လိုက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသား ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသွားတဲ့ အမျိုးသား ၂ ယောက်ကို မီးသတ်တပ်ဖွဲ့တွေ၊ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြင်ဦးလွင်ပြည်သူ့ဆေးရုံကို ကူညီ ပို့ဆောင်ပေးခဲ့ပါတယ်။











