
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ စစ်ကောင်စီရဲ့ ကျောက်စုစစ်ဆေးရေးဂိတ်မှာ အမျိုးသား ၄ ယောက် ဖမ်းဆီးခံရပြီး ၁ ဦးကတော့ ငွေပေးပြီးနောက် ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂ ရက်နေ့မှာ ပုလောမြို့မှ လက္ကူးလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ကျောက်စုစစ်ဆေးရေးဂိတ်က အမျိုးသား ၄ ယောက်ကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေက အသက် ၃၀ ဝန်းကျင်အရွယ်ဖြစ်ကြပြီး ကျောက်စုရွာသားနဲ့ လက္ကူး ရွာသားတွေ ဖြစ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူ ၃ ယောက်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ DVB က အတိအကျမသိရပေမဲ့ ကျန် ၁ ယောက်ကတော့ ပိုက်ဆံ ကျပ် သိန်း ၁၀၀ နီးပါးပေးပြီးမှ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေနဲ့ မိသားစုနဲ့နီးစပ်သူတွေဆီမှ ရပါတယ်။
ဒေသခံတယောက်က "ဂိတ်အပြင် တခြားနေရာတွေမှာလည်း ဖမ်းဆီးနေတာပါ။ တချို့လူငယ်တွေကို စစ်တပ်ဂိတ်အနီးနားဝန်းကျင်မှာ အင်အားနဲ့လာပြီး သူတို့လိုအပ်တဲ့သူတွေကို ဆွဲခေါ်သွားတတ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ပုလောတံတားဂိတ်၊ ကျောက်စုဂိတ်နဲ့ ရှုပ်ပုံဂိတ် အနီးအနားဝန်းကျင်မှာ လူငယ်တွေကို ဖမ်းဆီးလေ့ရှိပြီး ညဘက်တွေမှာလည်း ပုလောမြို့ပေါ်တွေမှာ ဖမ်းဆီးလေ့ရှိတယ်လို့ ပုလောမြို့ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီဘက်က ဖမ်းဆီးခံရတဲ့သူတွေကို ပလောက်မြို့ရှိ အမှတ် ၁၂ တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းဆီ စစ်မှုထမ်းတပ်သားသစ်အဖြစ် ပို့လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုလွမ်းဝေ