
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ယောက်ထိခိုက်ပြီး နေအိမ်လည်းပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် ဖယ်ခုံ ၁၀၀၂ တပ်ရင်း PDF -Pekhon က မေ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
မေ ၂ ရက်နေ့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ခေါင်းအိရွာထဲကို လက်နက်ကြီးနဲ့ ၅ ကြိမ် ပစ်ခတ်ခဲ့လို့ အသက် ၆၀ ကျော် အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
PDF- Pekhon တာဝန်ရှိသူက “အရင်တုန်းကဆို ခေါင်းအိရွာသစ်ဘက်ကိုပဲ ပစ်တယ်။ အခုတော့ ခေါင်းအိရွာမကို ပစ်တာ။ ရွာမနဲ့ရွာသစ်က တောင်တတောင်ခြားတယ်။ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာပါ” လို့ပြောပါတယ်။
စစ်ကောင်စီတပ်က ခေါင်းအိရွာသစ်ကို ဧပြီလထဲမှာတုန်းက လက်နက်ကြီး၊ အသေခံဒရုန်းတွေနဲ့ တရက်ကို ၅ ကြိမ်လောက် ပစ်လေ့ရှိပြီး အခုတော့ ခေါင်းအိရွာမဘက်ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်လာတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ပွားတာတွေတော့ မရှိပါဘူး။ ခေါင်းအိရွာမမှာဆို ပြည်သူနဲ့ စစ်ရှောင် စုစုပေါင်း အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခေါင်းအိရွာဟောင်းဘက်ကို ဖေဖော်ဝါရီလလောက်ကစပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တာဖြစ်ပြီး ဧပြီလနဲ့ မေလမှာ ခေါင်းအိရွာသစ်နဲ့ ရွာမအထိ လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူထိခိုက်မိတာတွေလည်း ရှိခဲ့ပါတယ်။