
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဆင်ခွာကျေးရွာ တောရဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က မေ ၃ ရက် ည ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်မြို့နယ် ပ.က.ဖ ဆီက သိရပါတယ်။
တရုတ်ရဲ့ကြားဝင်ပေးမှုနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)နဲ့ စစ်ကောင်စီတို့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မအောင်မြင်တဲ့နောက်မှာတော့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ၃ ရက်ဆက်တိုက် ဗုံးကြဲတာဖြစ်ပါတယ်။
အနောက်ပိုင်းမြို့ခံတယောက်က “ဗုံး ၂ လုံးကြဲသွားတာ၊ အိမ်တောင်တုန်တယ်။ သေပြီလို့ ထင်လိုက်တာ။ ဗုံးကြဲတာက အရှေ့ပိုင်းအထိကြားရတယ်” လို့ ပြောပါတယ်။
တောရဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် ဗုံး ၂ လုံးကြဲ တိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်သေဆုံးတာမရှိဘဲ ကျောင်းဆောင်နဲ့စေတီ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မိုးကုတ်မြို့ အနောက်ပိုင်း အုတ်အင်းရွာ၊ အရှေ့ပိုင်း ဗမွန်ရွာကို စစ်ကောင်စီတပ်က မေ ၂ ရက်ညမှာ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး၊ မေ ၃ ရက် မနက်ပိုင်းမှာလည်း အနောက်ပိုင်း ကသဲရပ်ကွက်အနီးကို ဗုံးကြဲခဲ့တာကြောင့် အမျိုးသား ၁ ယောက် ဦးခေါင်းပြတ် သေဆုံးခဲ့ပါတယ်။
မိုးကုတ်မြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) က ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄ မှာ စတင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် အခု ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ ကူမင်းမြို့မှာ ဆွေးနွေးပွဲလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။