DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦး သေဆုံးခဲ့
DVB
·
May 3, 2025
လေးမျက်နှာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦး သေဆုံးခဲ့
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ် ၂၀၀ ကျော်နဲ့ဘုန်းတော်ကြီးကျောင်းတွေအပါအဝင် အဆောက်အဦတွေ ပျက်စီးခဲ့သလို သံဃာတပါးနဲ့ အရပ်သား ၃ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ ၂ လ အတွင်း တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကို စစ်ကောင်စီတပ်ကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာတော် ၁ ပါး၊ အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး ဘုန်းတော်ကြီးကျောင်းတကျောင်း အပါအဝင် လူနေအိမ်အဆောက်အဦ ၂၀၀ ကျော် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရေးအခြေအနေကိုသိရှိတဲ့ ဒေသခံတယောက်က “စစ်ကောင်စီတပ်က ၂ လအတွင်း လေကြောင်းကနေ အကြိမ် ၃၀၊ ၄၀ ထက်မနည်း တိုက်ခိုက်ခဲ့တာ။ သေဆုံးတာတွေကတော့ အရပ်သားတွေ အများဆုံးပေါ့။ ဘယ်ရွာက ဘယ်သူတွေဆိုတာတော့ လောလောဆယ် မသိရသေးဘူး။ သံဃာတပါး အပါအဝင် ၄ ယောက်ကမှန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဒဏ်ကြောင့် လေးမျက်နှာ နယ်ထဲက ဝတ်ကုန်း၊ စမ်းကုန်း၊ တုံးတော၊‌ ရှားတော၊ ပန်းတောကြီး၊ ကျောက်ဆစ်ကုန်း၊ မကျည်းပင်ကွင်း စတဲ့ကျေးရွာတွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “လက်ရှိ လက်နက်ကြီးတွေနဲ့ ကြိုကြားကြိုကြားပစ်သေးတယ်။ ဆီဆုံကုန်းဘက်မှာ စစ်တပ်က ခံစစ်ထပ်ပြင်ထားတာ တွေ့ရတယ်။ သေဆုံးတာ၊ ပျက်စီးတာတွေများတယ်။ ရွာလုံးကျွတ်ပဲ” လို့ ပြောပါတယ်။

လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာမှာ ဧပြီ ၁၈ ရက်က စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး AA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဟာ လေးမျက်နှာမြို့နယ်ရဲ့တဘက်ကမ်း ငဝန်မြစ်ကူးတံတားအနီး ဆီဆုံကုန်းကျေးရွာမှာ တပ်ဆုတ်စခန်းချ ခံစစ်ပြင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေးမျက်နှာမြို့နယ်က တိုက်ပွဲတွေမှာ အရပ်သားတွေထိခိုက်သေဆုံးတာ၊ နေအိမ်အဆောက်အဦ ပျက်စီးတာဟာ အခုထက်များနိုင်သလို AA နဲ့မဟာမိတ်တပ်တွေရဲ့ထိခိုက်မှုအခြေအနေကိုတော့ DVB အနေနဲ့ အတည်မပြုနိုင်ပါဘူး။

စစ်ကောင်စီတပ်ဘက်ကတော့ ထိခိုက်သေဆုံးတဲ့ ဒဏ်ရာစစ်သားတွေကို ဟင်္သာတတပ်ထဲ ပြန်လည်သယ်ယူလာတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ အခု ၂၀၂၅ ခုနှစ်၊ မေ ၃ ရက်အထိ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ဗေဒါဂိတ်၊ ဒေါင့်ချောင်းနဲ့ ဗောဓိစစ်ဆေးရေးဂိတ်စခန်းတို့အပြင် ပုသိမ်မြို့နယ်ထဲက မကျီးဇင်ရွာရဲကင်းစခန်းနဲ့ တပ်ကင်းစခန်းတွေကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013