
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသက ငလျင်ဘေးသင့်သူတွေအတွက် ရွာငံမြို့နယ်ဒေသခံတွေက ဝါးအလုံးရေ ၁ သောင်းကျော် လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။
ဧပြီလမှာ နှစ်ကြိမ်သွားလှူခဲ့ပြီး ပထမအကြိမ် ဝါးအလုံးရေ ၆,၀၀၀ ကျော်၊ ဒုတိယအကြိမ်မှာ ဝါးအလုံးရေ ၈,၀၀၀ လှူခဲ့ပြီး အခုထပ်ပြီးတော့ ဝါးအလုံးရေ ၅,၀၀၀ လှူဖို့ စီစဉ်နေပါတယ်။
ရွာငံဒေသခံတယောက်က “ခုတခေါက်သွားဖို့က ဝါးစုနေတုန်းပဲ။ ရွာထဲ ဝါးပိုင်ရှင်တွေက တအိမ် ဝါး ၄၊ ၅ လုံး လှူပေးကြတယ်ဗျ။ အဲလိုနဲ့ စုစုပြီးတော့ သတ်မှတ်ထားတဲ့ ပမာဏရရင် ယူသွားတယ်။ တချို့ကျ ကားထုတ်တယ်။ တချို့ကျ ဆီဖိုးထုတ်တယ်။ ကျနော်တို့က ကူနိုင်တဲ့ဘက်ကနေ ကူညီတာပါ” လို့ ပြောပါတယ်။
ဝါးသွားလှူတဲ့အချိန်မှာ ရွာငံကနေ ညောင်ရွှေမြို့အထိ သယ်ယူတဲ့အချိန် အခက်အခဲတွေရှိသလို လှေနဲ့လည်းသယ်ရသေးတာကြောင့် ခက်ခဲတယ်လို့ ဆိုပါတယ်။
ရွာငံဒေသခံနောက်တယောက်က “တော်တော်များများ စားနပ်ရိက္ခာတွေ၊ တကိုယ်ရည် အသုံးအဆောင် ပစ္စည်းတွေလှူတာများတယ်။ ကြည့်လိုက်တဲ့အချိန် အိမ်ဆောက်တဲ့နေရာမှာ ဝါးတော်တော် လိုအပ်တာတွေ့ရတယ်။ အဲဒါကြောင့် ဝါးကို ကျနော်တို့ ရွာငံကျေးရွာတွေဘက်မှာ အလှူလိုက်ခံပြီးတော့ လှူဖြစ်သွားတာ” လို့ပြောပါတယ်။
အင်းလေးဒေသခံတွေ လိုအပ်နေတဲ့ဝါးကို ရွာငံအပြင် ပင်းတယ၊ ပွေးလှဒေသခံတွေလည်း သွားရောက်လှူဒါန်းကြတယ်လို့ ပြောပါတယ်။
အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် နေအိမ် ၃,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး နေအိမ်တွေပြန်ဆောက်ဖို့ ဝါးနဲ့ သစ်တွေ၊ စားနပ်ရိက္ခာတွေ လိုအပ်နေပါတယ်။