ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ထဲကကျေးရွာတွေထဲကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ နေအိမ်တွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က မေ ၃ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
မေ ၂ ရက် နေ့လယ် ၁၂ နာရီကနေ ၂ နာရီကျော်အထိ ဘီးလူးချောင်းအရှေ့ဘက်မှာရှိတဲ့ နန်းတုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ပြီး ကုန်းသာ ခေါ် မစွန့်ခွမ် ကျေးရွာကို လက်နက်ကြီး ၉ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကုန်းသာက နေအိမ် ၁ လုံးပျက်စီးပြီး နန်းတုတ်ရွာက ခန်းမဆောင်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
ဒေသခံ အမျိုးသားတယောက်က “PNO တွေက PDF တွေကြောင့် ပြည်သူတွေရွာထဲမှာ မနေရဘူးဆိုတဲ့ ဝါဒမျိုးဖြန့်ချင်လို့ ရွာထဲလူတွေပြန်ဝင်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာမျိုးပါ” လို့ ပြောပါတယ်။
ဧပြီ ၆ ရက်နေ့အထိ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ အင်းလေးအနောက်ဘက်ခြမ်း နမ့်ဖာမူနားကနေ နန်းတုတ်နဲ့ ကုန်းသာကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ကလည်း ဘုရားတောင်ကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။