ရှမ်းတောင်တွင် ကော်ဖီသီးများကို အကိုင်းနှင့်တကွ ခိုးယူခံနေရသဖြင့် တောင်သူများအခက်ကြုံ

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံနဲ့ ပင်းတယမြို့နယ်မှာ ကော်ဖီစိုက်ခင်းတွေထဲက ကော်ဖီသီးတွေကို ခိုးခူးယူတာအပြင် အသီးသီးနေတဲ့ အကိုင်းတွေကိုပါ ခုတ်ယူသွားတဲ့ သူခိုးတွေ သောင်းကျန်း နေတယ်လို့ တောင်သူတွေထံမှ သိရပါတယ်။
ကော်ဖီသီးတွေဟာ ခူးဆွတ်ရမယ့်အချိန် မရောက်သေးဘဲ အသီးအပြည့်အဝ မမှည့်သေးတဲ့ အချိန်မှာ အကိုင်းတွေနဲ့ပါ ခုတ်ယူခိုးယူခံနေရတာဖြစ်ပြီး တောင်သူတွေဟာ လက်ရှိ အသီးဆုံးရှုံး ရတာအပြင် အပင်တွေ ပျက်စီးသွားတာကြောင့် နောက်လာမဲ့ ရာသီတွေမှာပါ ထိခိုက်မှု ရှိလာ နိုင်တယ်လို့ ပြောပါတယ်။
ကော်ဖီစိုက်ပျိုးသူတယောက်က “ကော်ဖီပင်တွေဆိုတာ တနှစ်စိုက်ပြီး အသီးခူးရတာမျိုးမဟုတ်ဘူး။ နှစ်တွေကြာကြာ ပြုစုစောင့်ရှောက်ထားရတာ။ အခုလို အသီးမမှည့်သေးဘဲ အကိုင်းတွေနဲ့ပါ ခုတ်ယူ သွားတော့ ဒီနှစ်အတွက် ရဖို့စောင့်နေတဲ့ အသီးတွေ ဆုံးရှုံးရသလို အပင်တွေလည်း ပျက်စီးတယ်။ အကိုင်းတွေ ပျက်စီးသွားရင် နောက်နှစ် အသီးထွက်ဖို့အတွက်ပါ ထိခိုက်နိုင်တယ်။ တောင်သူတွေက အသီးရဖို့ တနှစ်လုံး စောင့်ပြီးလုပ်ထားရတာဆိုတော့ အခုလို ခိုးယူခံရတာ တော်တော် နစ်နာ ပါတယ်” လို့ ပြောပါတယ်။
ကော်ဖီဟာ နှစ်ရှည်စိုက်ပျိုးရတဲ့ သီးနှံဖြစ်တဲ့အတွက် အသီးထွက်နေတဲ့ အကိုင်းတွေကို ဖြတ်တောက် ခံရတာဟာ လက်ရှိ အသီးဆုံးရှုံးရတာတင်မကဘဲ အပင်ကြီးထွားမှုနဲ့ နောက်ထပ် အသီးထွက်နိုင်မှုအပေါ်ပါ ထိခိုက်လာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။
အပင်တွေ ပျက်စီးသွားတဲ့အခါ ပြန်လည်ပြုစုထိန်းသိမ်းရတာ၊ အပင်အစားထိုး စိုက်ပျိုးရတာတွေကြောင့် အချိန်နဲ့ ငွေကြေးထပ်မံကုန်ကျရပြီး စိုက်ပျိုးရေးကုန်ကျစရိတ် ပိုများလာတယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ကော်ဖီပင်တွေအပြင် လိမ္မော်ပင်၊ ထောပတ်သီးပင်နဲ့ ပျိုးပင်တွေကိုပါ ခိုးယူတာတွေရှိနေတဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်နေကြတယ်လို့ ပြောပါတယ်။
အခုလို သီးနှံပင်တွေ ခိုးယူခံရတာနဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ကိုယ်စိုက်ထားတဲ့ အပင်တွေ ထပ်မံခိုးယူခံရမှာကို စိုးရိမ်နေကြပြီး တောင်သူအချို့ဟာ စိုက်ခင်းတွေကို လုံခြုံစေဖို့ ခြံထဲမှာ ညအိပ်စောင့်ရတာတွေရှိတယ်လို့ သိရပါတယ်။











