
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းနဲ့ ဟိုပုံးမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းတာ၊ တောင်ကျရေစီးဆင်းတာနဲ့ မိုးသီးကြွေကျတာတွေ ဖြစ်ပွားခဲ့ပြီး စိုက်ခင်းဧက ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတောင်သူတွေထံက သိရပါတယ်။
ပင်လောင်းမြို့နယ်မှာ မေ ၂၁ ရက်နဲ့ ၂၂ ရက်တို့က မိုးကြီးပြီး တောင်ကျရေစီးဆင်းမှုကြောင့် ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နဲ့ အာလူးစိုက်ခင်း ဧက ၁၈၀ ကျော် ရေနဲ့အတူ မျောပါ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဟိုပုံးမြို့နယ်မှာလည်း အခုတပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းပြီး မိုးသီးကြွေကျလို့ သနပ်ဖက်ခြံ ဧက ၁၅၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းတောင်ဒေသခံ တောင်သူတယောက်က “ဒီနှစ်အစပိုင်းကတည်းက မိုးက အရမ်းကြမ်းနေတော့ စိုက်ခင်းတွေ မခံနိုင်တော့ဘူး။ ပင်လောင်းဘက်မှာ တောင်ကျရေကြောင့် သီးနှံတွေ မျောပါသွားသလို ဟိုပုံးဘက်မှာလည်း မိုးသီးကျလို့ သနပ်ဖက်ရွက်တွေ ပေါက်ပြဲကုန်တယ်။ တောင်သူတွေ အတွက် အရှုံးက အရမ်းကြီးတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို အတိအကျ မသိရသေးပေမဲ့ ဒေသခံတောင်သူတွေအနေနဲ့ အရင်းအနှီးဆုံးရှုံးမှု ကြီးမားနေပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ သိရ ပါတယ်။
ဒါ့အပြင် ရှမ်းတောင်ဒေသမှာ အခုရက်ပိုင်းအတွင်း နေ့စဉ်နီးပါး မိုးရွာသွန်းနေပြီး တောင်ယာနဲ့ စိုက်ခင်းတွေမှာ ရေဝင်ရောက်တာ၊ မြေပြိုတာနဲ့ ရေလမ်းကျော်တာတွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိထား သွားလာနေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနကလည်း သတိပေးထားပါတယ်။










