
ရှမ်းပြည်နယ်တောင်ပိုင်းက ထောပတ်သီးစိုက်ပျိုးတဲ့ ဒေသတွေမှာ ထောပတ်သီးတပိဿာကို ကျပ် ၇၀၀ လောက်ပဲ ဈေးရတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
မနှစ်က ပင်လောင်း၊ အောင်ပန်းနဲ့ တောင်ကြီးဒေသက ထွက်ရှိတဲ့ ထောပတ်သီးတွေဟာ တပိဿာကို ကျပ် ၁,၅၀၀ အထိ ဈေးရခဲ့တာဖြစ်ပါတယ်။
ထောပတ်စိုက် တောင်သူတယောက်က “ဒီနှစ် ထောပတ်သီးဈေးရရှိမှုက တော်တော်လေးရှုံးတယ်။ စိုက်ပျိုးစရိတ်တွေကလည်း မတန်တဆဈေးကြီးလာတာလေ။ ပြီးတော့ ပြည်ပဈေးကွက်ကပါ မရှိတော့ ပိုဆိုးသွားတာ။ ပြည်တွင်းဈေးကွက်ကျတော့လည်း ထင်သလောက် ဈေးမရဘူး။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ခက်ခဲတယ်” လို့ ပြောပါတယ်။
ထောပတ်သီးဟာ ကြာကြာသိုလှောင်ထားလို့မရတာကြောင့် ဈေးကွက်ထဲ အချိန်မီမရောင်းနိုင်ရင် ပုပ်သိုးပျက်စီးပြီး ဆုံးရှုံးမှုတွေ ထပ်ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
အရင်နှစ်တွေကတော့ တောင်ကြီး၊ ကလော၊ ရွှေညောင်၊ ဖယ်ခုံနဲ့ တခြားဒေသတွေက ထွက်တဲ့ ထောပတ်သီးတွေကို ထိုင်းနိုင်ငံဆီကို တင်ပို့ရောင်းချနိုင်ခဲ့ပေမဲ့ အခုနှစ်မှာတော့ ထိုင်းနိုင်ငံက တင်သွင်းခွင့်ပိတ်ထားတာကြောင့် ပြည်ပဈေးကွက်မရှိတော့တာဖြစ်ပါတယ်။











