
ဩစတြေးလျနိုင်ငံ၊ နယူးဆောက်သ်ဝေးလ်စ်ပြည်နယ်မှာ ထရပ်ကားတစီးဟာ မေ ၂ ရက် မနက်ပိုင်းက အသွားအလာများတဲ့ အဝေးပြေးလမ်းမတလျှောက်မှာ ၇၅၀ ကီလိုဂရမ် လောက် ရှိတဲ့ သံတိုသံစ အချွန်တွေ ကျခဲ့တာကြောင့် မြို့တွင်းလမ်းသွယ်တွေကို ပိတ်ချလိုက်ရပြီး ရာနဲ့ချီတဲ့ မော်တော်ယာဉ်တွေ ပျက်စီးကာ ယာဉ်ကြော ရှုပ်ထွေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
မနက်အစောပိုင်းက M1 ပစိဖိတ် ၂ လမ်းမောင်း လမ်းမကြီးမှာ ယာဉ်အစီးရေ ၃၀၀ ကျော်လောက် တာယာတွေ ပျက်စီးခဲ့ကြောင်း နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
နယူးဆောက်သ်ဝေးလ်စ် ကျေးလက်မီးသတ်ဌာနမှ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာ သံချွန်အပိုင်းအစ တွေ၊ ကားတာယာတွေကွဲနေတဲ့ မော်တော်ယာဉ်တွေ၊ ကားလမ်းပေါ်မှာ ရပ်ထားတဲ့ ထရပ်ကား တွေနဲ့ မော်တော်ကားတွေကို မြင်တွေ့ရပါတယ်။
ကားလမ်းပြန်ဖွင့်နိုင်တဲ့အထိဆိုရင် နာရီအတော်ကြာဦးမှာလို့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်ဆိုင်ရာ ပို့ဆောင်ရေး ညှိနှိုင်းရေးမှူး ဟောင်းဝဒ်ကောလင်းန်စ် က ပြောပါတယ်။
ဆစ်ဒနီမြို့မြောက်ဘက်ကို ပြေးဆွဲတဲ့ ကုန်စည်ပို့ဆောင်ရေးနဲ့ ခရီးသွားလာရေး လမ်းကြောင်း ဖြစ်တဲ့ M1 ပစိဖိတ် ကားလမ်းမကြီးကို တစိတ်တပိုင်း ပိတ်ထားဆဲ ဖြစ်ပါတယ်။
အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေဟာ ကားလမ်းပေါ်က သံတိုသံစ အပျက်အစီး အစအနတွေကို သံလိုက်တွေ အသုံးပြုကာ ရှင်းလင်းနေရပြီး အဝေးပြေးလမ်းမကြီးကို မြန်မြန်ပြန်သုံးနိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။
အဲဒီထရပ်ကားဟာ သယ်လာတဲ့ သံချွန်စတွေ မကျခင်မှာ ကီလိုမီတာ ၃၀ ကျော် ခရီးနှင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters