
ရန်ကုန်မှာ မော်တော်ယာဉ်မောင်းနှင်မှုအပေါ် ကန့်သတ်ထားတဲ့ စုံ၊ မ စနစ်ကို ပယ်ဖျက်ဦးမှာ မဟုတ်ဘူးလို့ စစ်အာဏာရှင်ခန့် ရန်ကုန်တိုင်း လျှပ်စစ်၊ စွမ်းအင်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောပါတယ်။
ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာ ကျောက်တံတားအမတ် ဦးသိန်းနိုင်က စုံ၊ မ စနစ်ကို ပယ်ဖျက်ဖို့ ရှိ၊ မရှိ မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့တာပါ။
၂၀၂၆ ခုနှစ် မတ် ၃ ရက်နဲ့ ၄ ရက်တို့မှာ နိုင်ငံတဝန်းလုံးကို စည်းကမ်းသတ်မှတ်ချက် ထုတ်ပြန်ထားတဲ့ အဲဒီ စုံ ၊ မ စနစ်နဲ့ ပတ်သက်ပြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အာဏာရှင်အစိုးရက တစုံတရာ ညွှန်ကြားတာ မရှိသေးလို့ လက်ရှိအချိန်အထိ အတည်ပဲ ဖြစ်တယ်လို့ ဒေါက်တာမျိုးသော်က ဆိုပါတယ်။
တိုင်းဝန်ကြီးက လွှတ်တော်မှာ အခုလို ဖြေကြားခဲ့ပေမဲ့ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်းက မော်တော်ယာဉ် အသုံးပြုသူတွေအနေနဲ့ စုံ၊ မ ကန့်သတ်ချက်ကို လိုက်နာမှုမရှိဘဲ အဆင်ပြေသလို မောင်းနှင်နေကြတာကို တွေ့နေရပါတယ်။
ရန်ကုန်မြို့ခံတယောက်က “သူကသာ မဖျက်ဘူး ဘာဘူး ပြောနေတာ၊ စုံကော မကော အကုန် အဆင်ပြေသလို မောင်းနေကြတာပဲ။ ဖမ်းတဲ့သူရှိလည်း ဒီလိုပဲ ပေးကမ်းပြီး ပြီးသွားကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီ အရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေကို QR ကုတ်ဖတ်တာ၊ အငှားယာဉ်၊ လုပ်ငန်းသုံးယာဉ်တွေကို အသုံးပြုမောင်းနှင်ခဲ့တဲ့ ကီလိုမှတ်သားတာတွေ လုပ်နေတဲ့အပြင် မော်တော်ယာဉ် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ပမာဏ ခွဲတမ်းချ ရောင်းပေးတာတွေ လုပ်နေတဲ့အတွက် စက်သုံးဆီပြဿနာကို အထိုက်အလျောက် ဖြေရှင်းနိုင်နေပြီဖြစ်ပြီး စုံ၊ မ စနစ် ကန့်သတ်ချက်ဟာ ပြည်သူကို ဒုက္ခပေးရာရောက်တယ်လို့ ကျောက်တံတားအမတ် ဦးသိန်းနိုင်က လွှတ်တော်မှာ မေးခွန်းမေးမြန်းစဉ် ပြောပါတယ်။
“စုံ၊ မ စနစ်ကို ထပ်မံကန့်သတ်ထားခြင်းဖြင့် စက်သုံးဆီချွေတာရေးထက် ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကို ပိုမိုခက်ခဲစေပါတယ်။”
ဒါ့အပြင် စုံ၊ မ စနစ်ကြောင့် စက်သုံးဆီ ဘယ်လောက်သက်သာတယ်ဆိုတာ တခုတည်း မကြည့်ဘဲ သွင်းကုန်ထုတ်လုပ်မှုနဲ့ စီးပွားရေး ဘယ်လောက်ထိခိုက်တယ် ဆိုတဲ့အချက်ကိုပါ ကြည့်သင့်တယ်လို့လည်း သူက ဆိုပါတယ်။
လက်ရှိ ရန်ကုန်က နေရာတချို့မှာ ယာဉ်ထိန်း အပါအဝင် အဖွဲ့စုံနဲ့ စစ်ဆေးဖမ်းဆီးတာတွေ ရှိနေပေမဲ့ နေရာအများစုမှာ ဖမ်းဆီးနိုင်မှု မရှိတာကြောင့် စုံ၊ မ ကန့်သတ်ချက်အပေါ် မေးခွန်းထုတ်တာတွေလည်း ရှိနေပါတယ်။











