အာဂျင်တီးနား အမျိုးသားရဲတပ်ဖွဲ့ဟာ ကာတာမားကာ ပြည်နယ်၊ ဖှီယမ်ဘးလား မြို့အနီးမှာ နှင်းတွေအောက် မြုပ်နေတဲ့ ယာဉ်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဇူလိုင် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄,၅၅၀ မြင့်တဲ့ ဘယ်လ်ကွန်းဒယ်လ် ပိစစ်စ် ရှုခင်းကြည့်မျှော်စင်ကို သွားရာ လမ်းပေါ်မှာ နှင်းမုန်တိုင်းကြောင့် ပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီးသွား ၁၀၀ ကျော်ကို ကယ်ထုတ်ဖို့ ဇူလိုင် ၂၉ ရက် ညနေပိုင်းကတည်းက ကယ်ဆယ်ရေးစတင်ခဲ့တာပါ။
တောင်မြင့်ပိုင်းဒေသ အထူးတပ်ဖွဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်နယ်ရဲတပ်ဖွဲ့၊ မီးသတ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စက်ယန္တရားကြီးတွေနဲ့ လမ်းရှင်းကာ ပိတ်မိနေတဲ့ ယာဉ်တွေကို ဆွဲထုတ်ပြီး ခရီးသွားတွေကို ဘေးကင်းရာ ပို့ဆောင်ပေးခဲ့ပါတယ်။
ကိုယ်အပူချိန် ကျဆင်းပြီး အအေးလွန်ကဲရောဂါ ရသွားသူ ၂ ယောက်ကိုတော့ ဆေးရုံတင်လိုက်ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။










