
မြန်မာပြည်တွင်းမှာ မော်တော်ယာဥ် သက်တမ်းတိုးဖို့အတွက် Online Booking ယူရတာ အဆင်မပြေမှုတွေ ရှိနေရတယ်လို့ ကိုယ်တိုင်ကြုံသူတွေက ပြောပါတယ်။
ယာဥ်ပိုင်ရှင်တချို့ အွန်လိုင်းရက်ချိန်းယူဖို့အတွက် သတ်မှတ်ထားတဲ့ ဆော့ဝဲလ်ထဲ ဝင်မရတာ၊ ရက်ချိန်းမကျတာမျိုးတွေ ကြုံနေရတာဖြစ်ပြီး ယာဥ်စစ်၊ သက်တမ်းတိုးရမဲ့အချိန် ကျော်သွားမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။
ကိုယ်တိုင် ယာဥ်သက်တမ်းတိုးဝင်ဖို့ စီစဥ်ထားသူ တယောက်က “ပွဲစားမအပ်ချင်လို့ ကိုယ့်ဘာသာ ရက်ချိန်းယူဖို့လုပ်တာ အဆင်မပြေဘူး။ တခြားသူတွေ မေးတော့ မရတာ များတယ်။ နည်းပညာ အားနည်းချက်လား၊ ဘာဖြစ်တာလဲမသိဘူး” လို့ ပြောပါတယ်။
အဲဒီလို အွန်လိုင်းရက်ချိန်းယူရတဲ့ အဆင်မပြေမှုကို ယာဥ်ပိုင်ရှင်တွေအပြင် ကိုယ်စားဆောင်ရွက်ပေးနေတဲ့ ပွဲစားအကျိုးဆောင်တွေလည်း ဒီအခြေအနေ ကြုံနေရတယ်လို့ ကညနလိုင်စင် အကျိုးဆောင် လုပ်နေသူတချို့က ဆိုပါတယ်။
လက်ရှိဖြစ်နေတဲ့ အွန်လိုင်းရက်ချိန်းယူရခက်တာကို ဖုန်းအမျိုးအစားပြောင်းသုံးပြီး အဆင်ပြေသွားတာရှိသလို ရက်ချိန်းယူတဲ့သူတွေ များလို့ အဆင်မပြေတာဖြစ်နိုင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှ အကျိုးဆောင်တယောက်က ပြောပါတယ်။
အခုလို အွန်လိုင်းရက်ချိန်းယူရတာခက်တဲ့ အခြေအနေ ကြုံနေရသလို မော်တော်ယာဥ် သက်တမ်းတိုးတဲ့ ကားစီးရေ များတာကြောင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာတွေ ရှိနေတယ်လို့ တောင်ဒဂုံ လိုင်စင်ရုံးမှာ သွားရောက် ကားသက်တမ်းတိုးခဲ့သူ တယောက်က ပြောပါတယ်။
“ကားတစီး သက်တမ်းတိုးဖို့ကို နေ့တပိုင်းလောက် တန်းစီပြီးစောင့်နေရတာ။ တန်းစီတဲ့ဘဝကကို မလွတ်ဘူး။"
လက်ရှိမှာ မော်တော်ယာဥ် သက်တမ်းတိုးသူတွေ များနေတဲ့အတွက် လိုချင်တဲ့ရက်မှာ သက်တမ်းတိုးနိုင်ဖို့ ၁၀ ရက်နီးပါး ကြိုတင်ရက်ချိန်းယူရတာမျိုးတွေ ရှိတယ်လို့ အကျိုးဆောင်တွေက ပြောပါတယ်။










