မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ကတဆင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က မတ် ၂ ရက်နေ့ ထိုင်းစံတော်ချိန်ည ၁၁ နာရီလောက်က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၉ ယောက်ဟာ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ ၁ ယောက်ကို ထိုင်းဘက်ငွေ ၁၅,၀၀၀ ဆီ ပွဲစားကိုပေးရပြီး ထိုင်းနိုင်ငံ ဖုပ်ဖရခရိုင်ခွဲ ဟွိုင်နမ်နက်ရွာအနီးမှာ ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
မြန်မာရွေ့ပြောင်းအလုပ်သမားတယောက်က "ရဲစခန်းကိုလာပို့တာ တွေ့တယ်။ ဖုပ်ဖရမှာ နေထိုင်တဲ့ထိုင်းနိုင်ငံသား ၂ ဦးရယ်၊ ယာဥ်မောင်း ၂ ဦးနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၂၉ ဦးက ကား ၂ စီးနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ပွဲစားကို ငွေပေးလိုက်လာရာကနေ ဖမ်းဆီးခံရတာလို့ ကြားတယ်” လို့ DVB ကို ပြောပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာတဲ့သူတွေ မကြာခဏ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ထိုင်းနယ်စပ်တလျှောက် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်တာတွေ ရှိနေပါတယ်။
မတ် ၂ ရက်နေ့ ထိုင်းစံတော်ချိန် မနက် ၄ နာရီက ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အလုပ်သွားလုပ်ဖို့ သခွားသီးတင်ဆောင်လာတဲ့ကားပေါ်ကနေ မြန်မာနိုင်ငံသား ၄ ယောက်ကို တာ့ခ်ခရိုင် မဲဆောက်မြို့အထွက် မယ်ပအဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
Aung Mya Than