ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ဧပြီ ၂၈ ရက်နေ့မှာ တပြိုင်တည်း တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတွေအပါအဝင် ၂၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ဧပြီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အမှတ် ၂ စစ်ဒေသခွဲရဲ့ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်း (ဆရာလေး) က “အမှတ် ၂ စစ်ဆင်ရေးနယ်မြေရဲ့ကွပ်ကဲမှုနဲ့ နဂိုဖော်ဆောင်ခဲ့တဲ့ပုံစံဖြစ်တဲ့ JOC (Joint Operation Command- ပူးတွဲစစ်ဆင်ရေးကွပ်ကွဲမှု)နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်ဆင်ရေးနယ်မြေ ၂ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်ဗျ” လို့ ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါနဲ့ နောင်ကုန်းတံတားတို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေမှာ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ဧပြီ ၂၈ ရက်နေ့မှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တပ်စခန်းတွေကိုလည်း ဖျက်ဆီးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲတွေကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အလက် ၃၀ ကျော်၊ ခဲယမ်းအများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများသိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
တိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ အာဠာဝကစစ်ကြောင်းရဲ့ စစ်ကြောင်းမှူး ဆရာကျော် က “အဲဒီတိုက်ပွဲတွေထဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော် သေပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူများပြားတဲ့အတွက်ကြောင့်လည်း သူတို့စခန်းတွေကနေ ဆုတ်ခွာထွက်ပြေး သွားကြတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်တချို့တော့ မစိုးရိမ်ရတဲ့ ဒဏ်ရာလေးတွေ အနည်းငယ်ရခဲ့ကြတယ်” လို့ DVB ကိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ ၂၄၊ ဗျူဟာ ၂၅၊ အမှတ် ၇၈၀၃ တပ်ရင်း (အာဠာဝကစစ်ကြောင်း)၊ အမှတ် ၃၅၀၃ တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃၊ ဧရာဝတီ အမှတ် ၃ တပ်ရင်း၊ အမှတ် ၃၇၀၂ တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် ၁၈၀၅ ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ ၂၅၊၂၆ ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း ၈၊ တပ်ရင်း ၉ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။