
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေအတွက် စစ်ကောင်စီက ထောက်ပံ့ကြေး ၁၀ သိန်းစီပေးပေမဲ့ သေသူအားလုံးအတွက် မပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၃၁ ရက်နေ့မှာ ပေးအပ်ခဲ့တာဖြစ်ပြီး ကေလာကျေးရွာအုပ်စု၊ သလဲဦးကျေးရွာအုပ်စု၊ နန်းတဲကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သာလေးကျေးရွာအုပ်စုတို့က ကွယ်လွန်သူ အယောက် ၅၀ အတွက်ကိုပဲ ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။
ဒေသခံတယောကက် “အကုန်လုံးမပေးဘူး။ လူသေဆုံးတာက ၁၀၀ ကျော်ရှိတယ်လေ။ သူတို့က လူ ၅၀ ဦးကိုပဲရွေးပြီး ပေးတာဖြစ်တယ်။ ဇရပ်ကြီး၊ ရှေ့တောင်၊ နောက်တောင်၊ အုန်းပင်ရွာတွေ လုံးဝမရဘူး။ ဘာကြောင့် အကုန်မပေးတာလဲတော့မသိဘူး။ ကေလာရွာဆိုလည်း တချို့ပဲရတယ်” လို့ ပြောပါတယ်။
ထောက်ပံ့ကြေးကို ကေလာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲမှာရှိတဲ့ ငလျင်ဘေးဒဏ်ကွပ်ကဲရေးရုံးမှာ ပေးခဲ့တာလို့ သိရပါတယ်။
မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်တဲ့ငလျင်ကြောင့် အင်းလေးဒေသ ကျေးရွာ ၂၅ ရွာမှာ အဆောက်အုံ ၃,၂၅၅ လုံး ပျက်စီးခဲ့ပြီး လူဦးရေ ၁၀၀ လောက် သေဆုံးခဲ့သလို ဒီနေ့ထိ အကူအညီတွေ လိုအပ်နေတုန်းပဲလို့ ပအိုဝ်းလူငယ်အစည်းအရုံး PYO က ထုတ်ပြန်ထားပါတယ်။