DVB Logo
Home
မြန်မာသတင်း
“အပြာရောင်ပုံစံပုဆိုးထဲမှာ အုတ်ခဲတွေထည့်လိမ်ထားပြီးတော့ သူတို့ ၂ ယောက်ကို ဝိုင်းရိုက်တယ်” ထောင်နဲ့နီးစပ်သူ
DVB
·
May 3, 2025
“အပြာရောင်ပုံစံပုဆိုးထဲမှာ အုတ်ခဲတွေထည့်လိမ်ထားပြီးတော့ သူတို့ ၂ ယောက်ကို ဝိုင်းရိုက်တယ်” ထောင်နဲ့နီးစပ်သူ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေ နဲ့ လက်ပါးစေ တခြားရာဇဝတ်အကျဉ်းသားတွေက ညှဉ်းပန်းနှိပ်စက်လို့ ထိခိုက်၊ သေဆုံးမှုတွေ ဆက်ဖြစ်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေက ထပ်မံ ထုတ်ဖော်လာကြပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေး အကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၂ ယောက်ကို တခြားရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်မှုတွေ ဖြစ်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက DVB ကို ပြောပါတယ်။ 

ဒီဖြစ်ရပ်ကို ထောင်အာဏာပိုင်တွေက မသိကျိုးကျွံပြုနေသလို လက်ရှိအချိန်ထိ အရေးယူတာမရှိဘူးလို့ ဆိုပါတယ်။

ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ယောက်ဟာ ထောင်အာဏာပိုင် လှည့်လည်စစ်ဆေးနေချိန် ထောင်ကကျွေးတဲ့ အသားဟင်းတွေဟာ ညှီနံ့ပြင်းပြီး အရသာမရှိသလို စားလို့မရကြောင်း တင်ပြခဲ့တဲ့ ဖြစ်စဉ်အပြီးမှာ အခုလို အကြောင်းပြချက်မရှိ ရိုက်နှက်ခံခဲ့ရတာလို့ ထောင်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

အခုလို ရိုက်နှက်ခံခဲ့ရတာကြောင့် ဦး‌ခေါင်း နဲ့ ခန္ဓာကိုယ်တွေမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး လက်ရှိမှာ ထောင်တွင်းဆေးခန်းမှာ ဆေးကုသမှုခံယူနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“တခြားအကျဉ်းသားတဖွဲ့က အပြာရောင်ပုံစံပုဆိုးထဲမှာ အုတ်ခဲတွေထည့်လိမ်ထားပြီးတော့ သူတို့ ၂ ယောက်ကို ဝိုင်းရိုက်တယ်၊ ဖြစ်သွားတာကလည်း မိန်းဂျေးနားမှာ ဖြစ်သွားတာ၊ မိန်းဂျေးက လူကိုယ်တိုင်လည်း ပါနေတယ်။ ထောင်အာဏာပိုင်တွေက မမြင်ချင်ယောင်ဆောင်နေလို့ ခုလိုလုပ်လို့ရတာပါ။ ရိုက်တာတွေကလည်း ကြိုတင်ပြီး ပြင်ဆင်မှရိုက်လို့ရတာပါ။ ဖြစ်သွားတဲ့ ကိစ္စတွေ အကုန်လုံးကလည်း ထောင်ပိုင်တွေရဲ့ ရုံးခန်းနားမှာ ဖြစ်သွားတဲ့ကိစ္စတွေပါ။ ထောင်ပိုင်ကို တင်ပြပေမဲ့ ခုထိ မရှင်းပေးသေးဘူး။ ခံလိုက်ရတဲသူတွေက တော်တော်ခံလိုက်ရတာ ခုထိ ထောင်ဆေးခန်းမှာပဲ ရှိ‌သေးတယ်။ ခေါင်းတွေချုပ်လိုက်ရတယ်၊ ပြီးရင် ခန္ဓာကိုယ်မှာလည်း ဒဏ်ရာရသွားတယ်။ ထောင်ဆေးခန်းဆိုတာက ယားနာဆေတောင် ပုံမှန်မရှိတဲ့ဟာကို၊ ယားနားဆေး သွားတောင်းလို့ရှိရင်တောင်မှ ဆေးမရှိဘူး၊ ဘတ်ဂျက်မချပေးထားဘူး သောက်ချင်ရင် အိမ်ကမှာသောက်။”

အလားတူ မကွေးဗဟိုအကျဉ်းထောင်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်က နိုင်ငံရေး အကျဉ်းသား ကိုမြတ်ကို ကို အကျဉ်းဦးစီးအရာရှိတွေက ပြစ်ဒဏ်တိုက်မှာ လူမဆန်စွာ ရိုက်နှက်တာကြောင့် သေဆုံးခဲ့ရတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကာ်မတီဝင် ကိုသိုက်ထွန်းဦးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ဒီအပတ်အထဲမှာပဲ အခုလို နိုင်ငံရေးအ ကျဉ်းသားတွေကို အကျဉ်းထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေ ရာဇဝတ်အကျဉ်းသားတွေက ရိုက်နှက်တာတွေကြောင့် ထိခိုက်၊ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေကို ကြားသိထားရပြီး မှန်ကန်ကြောင်း အတည်ပြုပြောပါတယ်။

အကျဉ်းထောင်တွေမှာ အကျဉ်းထောင်အာဏာပိုင်တွေကိုယ်တိုင်က ရိုက်နှက်တာရှိသလိုဘဲ အကျဉ်းထောင်အာဏာပိုင်တွေ ခိုင်းစေထားတဲ့ လက်ပါးစေ တခြားရာဇဝတ် အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုကျူးလွန်နေတဲ့ ဖြစ်စဉ်က ထောင်တိုင်းလိုလိုမှာ ရှိတယ်လို့  AAPP ပြောရေးဆိုခွင့်ဆိုသူ ဦးအောင်မျိုးကျော်က ပြောပါတယ်။  

“အကျဉ်းထောင်ထဲမှာ ဖားအံထောင်၊ မ‌ကွေးထောင်ဖြစ်စဉ်တွေမကဘူး တနိုင်ငံလုံးမှာရှိနေတဲ့ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေက ‌ထောင်တိုင်းမှာ ပြုလုပ်နေတာဖြစ်တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ကို နိုင်ငံရေးအကျဉ်းသားတွေပေါ်မှာ ဖိနှိပ် နှိပ်စက်နေ တာဖြစ်တယ်။ အကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်တော်လှန်တဲ့သူတွေကို ဖမ်းမယ်၊ ဖမ်းပြီးလို့ရှိရင် ဒီလူတွေကို မတရားညှဉ်းပန်းနှိပ်စက်မယ်၊ ကလဲ့စားချေတဲ့ပုံစံမျိုးနဲ့ကို လုပ်နေတာ ဖြစ်တယ်။ ဒါက အင်မတန်ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေတာ ဖြစ်တယ်။ ဒါကြောင့် ဒီလိုမျိုးချိုးဖောက်မှုတွေကို လက်ပိုက်ကြည့်နေလို့မရဘူး၊ ဒီချိုးဖောက်မှုတွေက သေချာပေါက် အပြစ်ပေးအရေးယူခံရမှာဖြစ်တယ်။ ဒီကိစ္စတွေကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေတဲ့သူတွေ၊ ကျူးလွန်နိုင်ဖို့ ခွင့်ပြုထားတဲ့သူတွေ၊ ကျူးလွန်တာကို သိလျက်နဲ့ လက်ပိုက်ကြည့်နေတဲ့ကိစ္စက သူကျူးလွန်တဲ့ အဆင့်အတိုင်းအတာနဲ့ တချိန်မှာ သေချာပေါက် အပြစ်ပေးအရေးယူခံရမှာဖြစ်တယ်။”

အခုလို ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေနဲ့အတူ လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့ အခြေအနေတွေဟာ စစ်အာဏာသိမ်းကာလတလျှောက် မရပ်သွားဘဲ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေဂကော်မရှင်ကလည်း အကျဉ်းထောင်တွေအတွင်း စစ်ဆေးမှုတွေရှိနေကြောင်း ပြောပေမဲ့ ဒါတွေကို ထုတ်ပြန်ပြောဆိုတာမရှိပါဘူး

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ ၃၀ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉၀၉၄ ယောက်နဲ့ သေဆုံးသူ ၆၅၈၉ ယောက် ရှိတယ်လို့  သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013