
အမေရိကန် ကုန်သည်ကြီးများအသင်းက အိမ်ဖြူတော်ကိုပေးပို့တဲ့စာထဲမှာ စည်းကြပ်ခွန် တိုးမြှင့်မှုကြောင့် အသေးစားစီးပွားရေးလုပ်ငန်းတွေကို ပြန်ပြုပြင်လို့မရနိုင်တဲ့ ထိခိုက်နစ်နာမှုတွေနဲ့ စီးပွားရေးကျဆင်းမှု အလားအလာ ဖြစ်လာနိုင်ခြေရှိတယ်လို့ သတိပေးလိုက်ပြီး စည်းကြပ်ခွန်ကို ချက်ချင်းဖြေလျှော့ပေးဖို့ တောင်းဆိုထားပါတယ်။
ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ကုန်သည်ကြီးများအသင်းဟာ ဗုဒ္ဓဟူးနေ့က ဘဏ္ဍာရေးဝန်ကြီး စကော့ထ် ဘက်ဆန့်၊ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝပ်ဒ် လပ်ခ်နစ်ခ်နဲ့ ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမဆင် ဂရီယာ တို့ဆီကို စာတစောင် ပေးပို့ခဲ့ကြောင်း ပြောထားပါတယ်။
“အမေရိကန်ရဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကယ်တင်ပြီး စီးပွားရေးကျဆင်းမှုကို ရပ်တန့်သွားအောင် ကာကွယ်ပေးဖို့ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ ကုန်သည်ကြီးများအသင်းက အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုပါတယ်” လို့ စာထဲမှာ ရေးထားပါတယ်။
ကုန်သည်ကြီးများအသင်းဟာ ဘယ်လို အသေးစား စီးပွားရေးလုပ်ငန်း တင်သွင်းသူတွေကိုမဆို အလိုအလျောက် သက်သာခွင့်ပေးခြင်းဖြင့် စည်းကြပ်ခွန်ရဲ့ အကျိုးသက်ရောက်မှုတွေကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆိုခဲ့ပါတယ်။
တကယ်လို့များ ကုမ္ပဏီဟာ အခွန်စည်းကြပ်မှုတွေကြောင့် အမေရိကန်အလုပ်သမားတွေအတွက် အလုပ်အကိုင် အန္တရာယ်ဖြစ်စေကြောင်း သက်သေပြနိုင်ရင် အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်တဲ့ လုပ်ငန်းစဉ်တခုကို ချမှတ်ပေးဖို့နဲ့ အမေရိကန်ပြည်ထောင်စုမှာ မထုတ်လုပ်နိုင်တဲ့ ဒါမှမဟုတ် အလွယ်တကူမရနိုင်တဲ့ ထုတ်ကုန်အားလုံးအတွက် အခွန်ကင်းလွတ်မှုတွေ ပံ့ပိုးပေးဖို့တွေလည်း တောင်းဆိုခဲ့ပါတယ်။
Source: Reuters