
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ရွှေရင်မျှော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ကုန်တင်ကားနဲ့ ကုန်တင်သုံးဘီးတွေကို ဖမ်းဆီးပြီး ပစ္စည်းတွေကို သိမ်းယူထားတယ်လို့ ကုန်တင်ကားသမားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က မေ ၁ ရက် ညနေ ၆ နာရီကျော်က သာပေါင်းမြို့နယ်၊ ရွှေရင်မျှော်ကျေးရွာမှာ ကုန်တင်ကား ၂ စီးနဲ့ ကုန်တင်သုံးဘီး ၂ စီးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီကုန်စည်တွေဟာ ရခိုင်ပြည်နယ်အစပ် သာပေါင်းမြို့နယ်ထဲက ကျေးရွာတွေကို တင်ပို့မယ့် ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “ရွှေရင်မျှော်ရွာထိပ်မှာ စောင့်နေတဲ့ စကစတပ်နဲ့ ရဲတွေက ဖမ်းတာ။ ကုန်ကားတွေကို ဖမ်းပြီး ပစ္စည်းတွေကို အကုန်သယ်ယူတာ။ အဲဒီဘက်ကို ပစ္စည်းတွေ အသယ်မခံဘူးဆိုပြီး ဖမ်းတာတဲ့” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းထားတဲ့ ကုန်ကားနဲ့ ကုန်တင်သုံးဘီးတွေထဲမှာ ဆေးဝါးတွေ၊ စက်သုံးဆီတွေ၊ ဆန်တွေနဲ့ အဝတ်အထည် အနည်းငယ် တင်လာတာဖြစ်ပြီး ကုန်စည်တွေအပြင်လူ ၆ ယောက်ပါ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
သာပေါင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူက “ကုန်ကားတွေက ပုသိမ်ကလို့ သိရတယ်။ သုံးဘီးတွေက သာပေါင်းကပါပဲ။ လူတွေကို ဘယ်မှာဖမ်းထားတယ်ဆိုတာ မသိဘူး။ ဖမ်းထားတာမှန်တယ်” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ တတိယအပတ်က စတင်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကျေးရွာတွေဘက်ကို ကုန်စည်သယ်ယူတဲ့ ယာဉ်တွေနဲ့ လူတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ပထမပတ်ထဲမှာ ရခိုင်ပြည်နယ်ကိုတင်ပို့မယ့် ကျပ်သိန်းပေါင်း ၃၀,၀၀၀ ခန့်နဲ့ စားသောက်ကုန်စည်တွေ သယ်လာတဲ့ စက်လှေတစင်းကို ဧရာဝတီတိုင်း၊ ချောင်းသာကမ်းခြေအနီးမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။