
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက်က ကုန်တင်ကား ၂ စီးနဲ့ ကားသမား တွေကို စစ်အာဏာရှင်တပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့ညနေပိုင်းက လေးမျက်နှာမြို့နယ် ပုသိမ်-မုံရွာကားလမ်းပေါ် စက်စက်ယိုကျေးရွာအနီးမှာ စစ်ဆေးနေတဲ့ စစ်အာဏာရှင်တပ်အဖွဲ့က ကုန်တင်ကား ၂ စီးနဲ့ အရပ်သား ၄ ယောက်ကို ဖမ်းဆီး ထားတာလို့ ဆိုပါတယ်။
သာပေါင်းဒေသခံတယောက်က “ပုံမှန် သယ်ယူပို့ဆောင်နေတဲ့ ကုန်စည်ယာဉ်တွေပါ။ မနေ့ညနေပိုင်း က အဖမ်းခံရတာ။ စစ်အာဏာရှင်တပ်က ဖမ်းသွားတာ။ တရားမဝင်ကုန်စည်တွေ သယ်လာတယ်လို့ စွပ်စွဲပြီး ဖမ်းတာ” လို့ ပြောပါတယ်။
စစ်တပ်က ဖမ်းဆီးခဲ့တဲ့ ကုန်တင်ယာဉ်တွေဟာ ပုသိမ်-မုံရွာကားလမ်းဘေးက ဈေးဆိုင်တွေက အမှာကုန်ပစ္စည်း ဆန်၊ စက်သုံးဆီ၊ ခေါက်ဆွဲခြောက်နဲ့ စားအုန်းဆီတွေကို သယ်လာတာလို့ သိရ ပါတယ်။
လေးမျက်နှာမြို့နယ် စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူက “ကုန်တွေယူပြီး သွားရောက်ပေးပို့တဲ့ ကား တွေလို့ သိရပါတယ်။ အခုအဖမ်းခံရတဲ့နေရာက ဂိတ်မဟုတ်ပါဘူး။ လျှပ်တပြက် ထွက်ဖမ်းသွား တာ။ လူတွေပါ အဖမ်းခံထားရတာ ဟုတ်တယ်” လို့ ပြောပါတယ်။
စစ်တပ်က အယောက် ၂၀ ဝန်းကျင်လောက်က အရပ်သားကုန်ကားတွေကို ပုသိမ်-မုံရွာကားလမ်းက နေတဆင့် ရခိုင်ရိုးမအစပ်ကို ဖမ်းဆီးသွားတာ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စက်တင်ဘာ ၂ ရက်ကလည်း စစ်အာဏာရှင်တပ်က ပုသိမ်-မုံရွာကားလမ်း စက်စက်ယိုကျေးရွာ အနီးမှာ အရပ်သားတွေ မောင်းလာတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေကို ကြမ်းကြမ်းတမ်းတမ်း စစ်ဆေး ဆဲဆိုကာ အရပ်သား ၃ ယောက်ကို PDF ဆိုပြီး စွပ်စွဲဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။










