
မန္တလေး-မြစ်ကြီးနား လမ်းပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မော်လူး-စီပိန်း မိန်းလမ်းမကြီးကို ၂ လ ကျော်ကြာ ပိတ်ထားတာကြောင့် ကုန်တင်ကားအစီးရေ ထောင်ချီ ပိတ်မိနေပြီး ကားသမားတွေနဲ့ မိသားစုဝင်တွေမှာ စရိတ်ပြတ်လပ်တဲ့အပြင် စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲတွေပါ ကြုံတွေ့နေကြရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
ပိတ်မိနေတဲ့ ကားသမားတယောက်က “ကုန်ကား အစီးရေ တထောင်ကျော်ဗျ ပိတ်မိနေတာ။ ၆ လပိုင်းကတည်းကပါ။ အဓိက အခက်အခဲတွေကတော့ စရိတ်ပြတ်၊ နောက်ပိုင်းက မိသားစုတွေ ငတ်ပေါ့ဗျာ” လို့ ပြောပါတယ်။
လမ်းပိတ်တာကြာမြင့်လာတာနဲ့အမျှ ကားသမားတွေ စရိတ်ပြတ်လာသလို မိသားစုတွေရဲ့ စားဝတ်နေရေးကိုပါ ထိခိုက်လာနေတယ်လို့ ပြောပါတယ်။
ကွင်းလမ်းတွေကနေ သွားလာဖို့ ကြိုးစားနေရပေမဲ့ မိုးတွင်းကာလမှာ လမ်းအခြေအနေဆိုးရွားပြီး ရေကြီးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
နောက်ထပ် ကားသမားတယောက်က “ပိတ်မိနေတဲ့ ကားသမားတချို့ ကျန်းမာရေးပါ ဆိုးဆိုးဝါးဝါး ဖြစ်ကြတာ ဟုတ်ပါတယ်။ ငှက်ဖျားဖြစ်တဲ့ လူတွေရောပဲ” လို့ ပြောပါတယ်။
လချီကြာ ပိတ်မိနေတာကြောင့် ဖျားတာတွေ၊ သွေးတိုးတာတွေ၊ ဦးနှောက်သွေးကြောပြတ်၊ ဦးနှောက်သွေးကြောပေါက်တာတွေနဲ့ လေဖြတ်တာတွေပါ ကြုံနေရပြီး လမ်းခရီး သွားလာရ ခက်ခဲတာကြောင့် အချိန်မီ ဆေးမကုနိုင်လို့ အသက်သေဆုံးသွားတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်လို့ ထိခိုက်မှာစိုးလို့ လမ်း မဖြစ်မနေပိတ်ရတာကို လက်ခံပါတယ်။ ဒါပေမဲ့ တဖြတ်တဖြတ်တော့ လွှတ်ပေးသင့်ပါတယ်။ ကားသမားတွေလည်း လူသားပါ၊ မိသားစုတွေနဲ့ပါ။ ကားသမားတွေကို မှီခိုနေတဲ့ မိသားစုတွေ များစွာ ဒုက္ခရောက်နေပြီဗျာ” လို့ သူက ပြောပါတယ်။
ပိတ်မိနေတဲ့ ကာလအတွင်း ပစ်ခတ်ခံရတာကြောင့် စပယ်ယာတွေနဲ့ ယာဉ်မောင်း ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်က မော်လူး-စီပိန်းလမ်းပိုင်းကို ဇွန်လကတည်းက ပိတ်ထားတာဖြစ်ပြီး စက်တင်ဘာ ၁ ရက်အထိ ဘယ်အချိန် ပြန်ဖွင့်ပေးမယ်ဆိုတာ မသိရ သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။











