
ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၅ က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရဲဘော်ငဲပုဟာ ဧပြီ ၂၇ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် ကျဆုံးခဲ့ရပြီး ၂၉ ရက်နေ့မှာ စျာပနပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်း ၅ တာဝန်ရှိသူက “သူကတော့ ဒုစိပ်မှူးနေရာမှာ တာဝန်ထမ်းဆောင်တယ်။ ဖျားတာကတော့ ငှက်ဖျားပါတယ်ပေါ့နော်၊ သူက နားတာတော့ မဟုတ်ဘူး၊ အရှေ့ကနေ အဖျားမိတော့ ဆေးရုံတက်ရင်း ကျသွားတာပါ” လို့ ပြောပါတယ်။
အသက် ၂၇ နှစ်အရွယ် ရဲဘော်ငဲပုဟာ တပ်ရင်းကပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်ပြီး တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်သူတယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရုံးရည်၊ နှလုံးရည်နဲ့ တာဝန်ယူ တာဝန်ခံစိတ်နဲ့ ကြိုးစားဆောင်ရွက်ပေးတဲ့အတွက် လေးစားဂုဏ်ယူပြီး ကျဆုံးရမှုအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရတယ်လို့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ကို ၄ နှစ်ကျော်ကြာ တိုက်ခိုက်တွန်းလှန်ရင်းကနေ KNDF / PDF / KA တပ်တို့ကနေ တပ်ဖွဲ့ဝင် ၇၄၀ ကျော် ကျဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်အင်အားစု (PKPF) က မေ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။