
ကချင်ပြည်နယ်၊ ဖားကန့်မြို့ကိုဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်း မေ ၂ ရက် နေ့လယ်ပိုင်းက နန့်ယားထဲကို ဝင်ရောက်သွားပြီလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“မနေ့ညကအထိတော့ နန့်ယားရွာနဲ့ နီးနီးလေး အဲ့မှာ သွားတိုက်တာ။ လဝါးနဲ့ နန့်ယားအနီးတဝိုက် တိုက်ပွဲပြင်းထန်နေတုန်း။ နေ့လယ် ၁၂ နာရီမထိုးခင် နန့်ယားပတ်ဝန်းကျင်ကိုလည်း လေကြောင်းကနေ လာတိုက်တာရှိတယ်။ နေ့လယ် ၂ နာရီ ၃ နာရီလောက်က နန့်ယားထဲ ဝင်သွားကြတယ်။”
စစ်ကောင်စီဘက်က ပြည်သူ့စစ် အပါအဝင် အင်အား ၆၀၀ ခန့်နဲ့ စစ်ကြောင်း ၃ ကြောင်းထက်မက ခွဲပြီး စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကားမိုင်းကျေးရွာအကျော် မအူပင်ကျေးရွာမှာ ၅ ရက်ခန့်အထိ KIA ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားက စစ်အင်အား ၅၀၀ ဝန်းကျင်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေဟာ နန့်ယားကျေးရွာအနီး ရောက်ရှိလာတာဖြစ်ပြီး နန့်ယားအဝင် စုပေါင်းဂိတ်အနီးမှာ မေ ၁ ရက်ကတည်းက တိုက်ပွဲပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။
မေ ၁ ရက် မနက်ပိုင်းက တိုက်ပွဲပြင်းထန်နေခဲ့တဲ့ လဝါးဆုတောင်းကုန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ပြီး ညပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာပါ။
လက်ရှိ ဖားကန့်-ကားမိုင်းသွား လမ်းဘက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ဖားကန့်-ကားမိုင်း သွားလမ်းကို ပိတ်ထားတာ တပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဧပြီ ၃၀ ရက်အထိ အပစ်ရပ် ထပ်တိုးကြေညာပြီးနောက် ဖားကန့်ဒေသဘက်ကို ဦးတည်ပြီး ကားမိုင်းလမ်းနဲ့ အင်းတော်ကြီးဒေသ ဂွေခါလမ်း နှစ်ခုကနေ စစ်အင်အား ၁,၀၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလအတွင်းမှာ စစ်တပ်အထိုင်ချထားတဲ့ နန့်ယား၊ နန့်တိန် ကျေးရွာတွေကို KIA ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားအနီးတဝိုက်က ကျေးရွာနေ ပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြတဲ့ တနှစ်အကြာမှာ ထပ်မံ စစ်ဘေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
ဟန်န