
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသမှာ ငလျင်လှုပ်ခတ်ပြီးနောက် အိမ်တိုင်တတိုင်ကို ၃၀၈,၀၀၀ ကျပ်အထိ စျေးတက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ငလျင်မလှုပ်ခတ်မီ မတ်လမှာ တိုင်တတိုင်ကို ၁၀၀,၀၀၀ ကျော်သာရှိပေမဲ့ ငလျင်လှုပ်ခတ်ပြီးနောက် အိမ်တိုင်ဝယ်လိုသူ များတာကြောင့် အခုလို စျေးတက်သွားတာလို့ ပြောပါတယ်။
ဒေသခံတယောက်က “တိုင်ကျိုးသွားတော့ ပိုဆိုးပါတယ်၊ အိမ်တိုင်က တပေ ၇,၇၀၀ ကျပ်၊ အိမ်ဆောက်ရင် ပေ ၄၀ တိုင်နဲ့မှ သုံးလို့ရတာ၊ ပေ ၄၀ တလုံးကို ၃၀၈,၀၀၀ ကျပ်ရှိတယ်။ အိမ်တလုံးကို အနည်းဆုံး ပေ ၄၀ တိုင်ကို အတိုင် ၂၀ ကနေ ၂၅ လုံး လိုပါတယ်။ တိုင်နဲ့ သိန်းပေါင်း ၇၀ ကျော်ကုန်ပြီ။ ဒါတောင် တိုင်ဖိုးပဲရှိသေးတယ်။ သယ်ယူစရိတ်၊ လက်သမားစရိတ် မပါသေးဘူး။ တော်တော်ခက်ခဲဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အိမ်ဆောက်လုပ်ရေးမှာ အသုံးပြုတဲ့ သံမှို၊ ဝါး၊ သက်ကယ်တွေလည်း စျေးနှုန်း အဆမတန် မြင့်တက်နေတယ်လို့ ပြောပါတယ်။
အခု အင်းလေးမှာ ၅ ရက်ဆက်တိုက် မိုးရွာသွန်းနေလို့ ငလျင်ကြောင့် အိမ်ပျက်စီးသွားသူတွေက အပျက်အစီးကြားမှာ တဲထိုးပြီး နေနေရလို့ ညဘက်အိပ်တာနဲ့ ချက်ပြုတ်တဲ့အချိန်တွေမှာ အခက်အခဲ ဖြစ်နေကြရတယ်လို့ ပြောပါတယ်။
မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အင်းလေးဒေသ ကျေးရွာ ၂၅ ရွာက အဆောက်အအုံ ၃,၂၅၅ လုံး ပျက်စီးခဲ့ပြီး လူဦးရေ ၁၀၀ ခန့် သေဆုံးကာ ဒီနေ့အထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားပါတယ်။