
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့ တွေ့ဆုံမယ်ဆိုတဲ့ ရိုက်တာသတင်းဟာ မဟုတ်ဘူးလို့ ရှေ့နေအဖွဲ့က ငြင်းဆိုလိုက်ပါတယ်။
နေပြည်တော်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရဲ့ ရှေ့နေအဖွဲ့က မေ ၃ ရက် တနင်္ဂနွေနေ့မှာ သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ရိုက်တာသတင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖော်ပြခဲ့တာပါ။
ဒီသတင်းဟာ မှားယွင်းနေပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ကျန်တဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာ ဆက်လက်ကျခံစေဖို့ ပြောင်းလဲ သတ်မှတ်ပေးလိုက်ကြောင်း ဧပြီ ၃၀ ရက်နေ့ ကြေညာချက်နောက်ပိုင်းမှာ တွေ့ဆုံဖို့ တောင်းဆိုထားတာ မရှိခဲ့ဘူးလို့ ရှေ့နေအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“တောင်းဆိုတာကတော့ ဟိုတုန်းကတည်းက စာတင်ထားတာတော့ ရှိတယ်ဗျ၊ ၅၄၁ နဲ့ထုတ်ပြီးမှ ကျနော်တို့က အဲဒီလိုတခါမှ မတောင်းဆိုပါဘူး၊ ခင်ဗျားဘက်က သတင်းမှားကြီးဗျ။ ကျနော်တို့ ရှေ့နေအဖွဲ့ဝင် ဆိုတာ ကျနော်တို့ ၄ ယောက်စလုံး မေးကြည့်တာတော့ အဲဒီလိုမပြောဘူးလို့ ပြောတာပဲ။ သီးသန့်အိမ်မှာ၊ သတ်မှတ်ထားတဲ့နေရာမှာ ထားတယ်ဆိုတဲ့ အဲဒီနောက်ပိုင်း ကျနော်တို့ တောင်းဆိုထားတာ မရှိပါဘူး။”
ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမွေဆိုင်အမှု တခုအတွက်ပဲ ရှေ့နေအဖွဲ့နဲ့ တွေ့ဆုံစရာအကြောင်း ရှိတော့တာပါ။
အမွေအမှုမှာ ပါဝါလက်မှတ်ထိုးဖို့၊ လေလံဈေးအတွက် တန်ဖိုးပြန်ညှိနှိုင်းဖို့၊ ကာယကံရှင်ရဲ့ သဘောဆန္ဒတွေကို နားထောင်ဖို့အတွက် ဥပဒေနဲ့အညီ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့်ရဖို့ လိုအပ်နေတာပါ။
နေပြည်တော်အချုပ်ထောင်နဲ့ နီးစပ်သူတယောက်က “အဲဒီသတင်းက အတိအကျမဟုတ်ဘူး၊ နောက်တခုက တနင်္ဂနွေနေ့တိုင်းမှာ အစားအသောက်တို့ ဘာတို့က ပို့ခွင့်ရှိတယ်။ အရင်တုန်းက ဆိုရင်တော့ ထောင်အချုပ်ပေါ့။ နောက် ပြောင်းသွားတဲ့နေရာတွေမှာကျတော့ ရဲစခန်းတွေမှာ သွားပို့ရတယ်။ ရဲစခန်းကနေပြီးမှ လာယူပြီးတော့မှ ပို့တယ်လို့ ပြောတယ်။ ဒီနေ့ ပို့ဖို့ကတော့ ထောင်ဝင်စာပို့တာကတော့ တနင်္ဂနွေမှန်တယ်။ ကျန်တာကတော့ တွေ့ခွင့်ဆိုတာကတော့ ကျနော်တို့လည်း အတိအကျမသိရဘူး။ တွေ့ဖို့တော့ တောင်းဆိုချင် တောင်းဆိုလိမ့်မယ်။ သူတို့ တနင်္ဂနွေနေ့တိုင်း ထောင်ဝင်စာပို့ရတဲ့ကိစ္စ၊ နောက် အမွေမှုနဲ့ ပတ်သက်တဲ့ကိစ္စ၊ အဲဒီလောက်ပဲ ကျနော် သိထားတာရှိတယ်” လို့ ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု၊ ရွေးကောက်ပွဲအမှု၊ နိုင်ငံတော်လျှို့ဝှက်ချက်ချိုးဖောက်မှု အပါအဝင် အမှု ၁၉ မှုနဲ့ စစ်ကောင်စီက မတရားစွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခဲ့ပါတယ်။
၂၀၂၁ ဒီဇင်ဘာလနဲ့ ၂၀၂၃ ဩဂုတ်လမှာ ထောင်ဒဏ်တွေ လျှော့ပေးခဲ့ပေမဲ့ ထောင်ဒဏ် ၂၇ နှစ် ကျန်နေသေးပြီး ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၇ ရက် နှစ်သစ်ကူးလွတ်ငြိမ်းမှာ ပြစ်ဒဏ် ၆ ပုံ ၁ ပုံ ထပ်လျှော့ခဲ့တဲ့အတွက် လတ်တလောမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ် ၁၈ နှစ်နဲ့ ၉ လ ဝန်းကျင် ဆက်လက်ကျခံရဖို့ရှိနေပါတယ်။










