DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကုလသမဂ္ဂကူညီရေးယာဉ်တန်းများ ဆက်တိုက်ဝင်နေသဖြင့်  စစ်ရေးအရှိန်လျှော့
DVB
·
May 2, 2025
မန္တလေးတွင် ကုလသမဂ္ဂကူညီရေးယာဉ်တန်းများ ဆက်တိုက်ဝင်နေသဖြင့်  စစ်ရေးအရှိန်လျှော့
Donate to DVB

အင်အားပြင်းငလျင်ဒဏ်ခံခဲ့ရတဲ့ မန္တလေးတိုင်းဒေသကြီးကို ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ကူညီကယ်ဆယ်ရေးကားတွေ ဆက်တိုက်ဝင်ရောက်နေတာကြောင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်လျှော့ ရပ်ဆိုင်းထားတယ်လို့ ဒေသခံပရဟိတသမားတွေက ပြောပါတယ်။

လတ်တလောမှာ ပြည်တွင်းပရဟိတအဖွဲ့တွေကိုလည်း ကုလသမဂ္ဂ လမ်းကြောင်းရှိတဲ့နယ်တွေမှာ သွားလာခွင့်ပေးထားပေမဲ့ နောက်ပိုင်းမှာ စစ်ကောင်စီက ပြန်လည်စိစစ်ကန့်သတ်မယ့် အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

ရတနာပုံတံတားအပါအဝင် မြို့အဝင်အထွက်ဂိတ်နေရာတွေမှာတော့ စစ်ကောင်စီက အင်အားတိုးချထားပြီး လုံခြုံရေးတင်းကျပ် ထားပါတယ်။

မန္တလေးဒေသခံပရဟိတသမား တယောက်က “ UN ကားတွေက မြေပြင်မှာတောက်လျှောက်၊ အရင်တုန်းကလိုမျိုး တပ်က သူတို့ကိုပေး။ သူတို့လုပ်မယ်ဘာမယ်ဆိုပြီးတော့ သိပ်ပြီးမလုပ်ရဲဘူး။ ပြည်သူအချင်းချင်းလုပ်နေတာ သူလည်းဒီအတိုင်းထိုင်ကြည့်နေတဲ့ပုံစံမျိုးဖြစ်နေတယ်။ မင်းကွန်းဘက်တွေ သွားလို့ရချင်မှရတော့မယ်။ အခုအခြေအနေမှာတော့ သူတို့ရောပြီးတော့ လွှတ်ပေးထားလိုက်တယ်။ အဲ့ဒါတောင် ခုနောက်ပိုင်း ပြန်စိစစ်လိုက်ပါပြီ။ သူ့လှုပ်ရှားမှုက ဘာရှိလဲဆိုတော့ တံတားမှာ လုံခြုံရေးအင်အား နည်းနည်းတိုးလိုက်တာတွေ့တယ်၊ လုပ်မြဲအတိုင်းပဲ ဒီကောင်တွေလုပ်နေကြတာပါပဲ၊ အရင်လိုပဲ ကင်းလှည့်တာတို့ ဖမ်းဆီး ငွေညှစ်ဘာညာ ဒီကောင်တွေဒီအတိုင်းလုပ်နေကြပဲ။ အခက်အခဲက နာဂစ်တုန်းကလောက်မရှိဘူး၊ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာပေါက်ကြားနေတာလည်း ရှိတာကိုး။ နောက်တခုက ဘာလဲဆိုတော့ သူကိုယ်တိုင်လည်း ရှင်းရှင်းပြောရလို့ရှိရင် ပြည်သူကို သောက်မြင်လည်း ကပ်တယ်၊ ကြောက်လည်းကြောက်တယ် အဲ့လိုဖြစ်နေတာလေ။ ဆိုတော့ သူ အတင်းအကျပ်ကြီးလည်း မလုပ်ရဲဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။ 

ဒါပေမဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာတော့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ တွေဆက်တိုက်ပြုလုပ်နေသလို ဝါသဝ ဦးဆောင်တဲ့ ပျူစောထီးတွေကလည်း မြေပြင်စစ်ကြောင်း နေ့တိုင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာတော့  စစ်သားအင်အားတိုးမြှင့်ချထားပြီး ငလျင်ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို စိစစ်ကန့်သတ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

ချောင်းဦးဒေသခံတယောက်က “စစ်ကြောင်းထိုးတယ်၊ သိထားတာတော့ ဝါသဝရဲ့ အဖွဲ့ဦးဆောင်ပြီးလုပ်နေတာ အဲ့ဘက်မှာ။ အထက်ကအမြဲ နေ့တိုင်းပဲ မဝဲတဲ့ရက် တရက်မှမရှိဘူး။ ကြဲတယ် ဟိုတနေ့ကလည်း ညောင်ဖြူပင်၊ သစ်ဆိပ်၊ ဝဲကြီး-ဝဲခွဲဘက် အဲ့ဒီဘက်တွေ အကုန်ပတ်ကြဲသွားတယ်။ အဲ့ဒီနောက်ရက်လည်း လေထီးလာပြီးကြဲသွားတယ်။ တိုက်ပွဲလည်းမဖြစ်ဘူး၊ ဘာမှလည်းမဖြစ်ဘူး သူတို့အဲ့ဒီမှာသက်သက်မဲ့ညစ်ပြီးလုပ်နေတာ၊ သူတို့ အရင်တခါ မိုင်းဆွဲခံလိုက်ရတာ အဲ့ဒီကတည်းက ချောင်းဦးမြို့နယ်ဘက်တွေ တအားကြီးမဲနေတာ၊ စိတ်မချမ်းသာဘူးပေ့ါလေ။ ဒုက္ခတွေအမြဲရောက်နေတာ ပြေးလွှားနေရတာ၊ သူတို့ လေယာဉ်တွေက တခါတလေ ၃ စီးလောက် ပြိုင်တက်လာတယ်။ တခါတလေ ၂ စီး၊ ၁ စီး ၂ စီးကတော့ အမြဲဝဲနေတာပဲ။ ဘယ်လိုစိတ်ချမ်းသာမှာလဲ ဒီလောက်ကြီး ဒုက္ခရောက်အောင်လုပ်နေတာ၊  မင်းအောင်လှိုင်ကတော့ အခုထိလူစိတ်မဝင်ဘူးပေါ့နော်”လို့ ပြောပါတယ်။

မတ် ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီက ဧပြီ ၃၀ ရက်အထိ ယာယီအပစ်ရပ်မယ်လို ကြေညာခဲ့ပေမဲ့ လက်တွေ့မှာတော့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

DVB ကစုစည်းထားတဲ့အချက်အလက်တွေအရ မတ်  ၂၈ ရက်ကနေ မေ ၁ ရက် အထိ နိုင်ငံတဝန်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၂၁ ကြိမ်ပြုလုပ်ခဲ့တာကြောင့် ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013