
ငလျင်ဒဏ်သင့် အာမခံအလုပ်သမားတွေကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ပေးအပ်သွားဖို့ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ပြောထားတာပါ။
အဆိုပါသဝဏ်လွှာထဲမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ILO က ပြဋ္ဌာန်းချက်တွေနဲ့အညီ အကောင်အထည်ဖော်နေပြီး အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုတွေကိုလည်း ILO နဲ့ ပူးပေါင်းဖြေရှင်းနေတယ်လို့ ဖော်ပြထားသလို အလုပ်သမားတွေရဲ့ လူမှုဘဝလုံခြုံရေးနဲ့ ကျန်းမာရေးအတွက် လူမှုဖူလုံရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားတွေကို သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ကျပ်ငွေ ၂၁ ဒသမ ၇၀၃ ဘီလီယံ ထောက်ပံ့သွားဖို့ စီစဉ်နေတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြပါရှိပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တာ အချိန် တလကျော် ကြာတဲ့အထိ အလုပ်သမားတွေအပါအဝင် ငလျင်ဘေးသင့်ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီက ဘာအကူအညီမှ ပေးအပ်တာမရှိသလို နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေလည်း မရဘူးလို့ ငလျင်ဒဏ်သင့်ဒေသနေ ပြည်သူတွေက ပြောပါတယ်။