DVB Logo
Home
မြန်မာသတင်း
သတင်းသမား ၈၈ ဦး ထောင်ဒဏ်စုစုပေါင်း ၄၉၇ နှစ် ချမှတ်ခံထားရ
DVB
·
May 1, 2025
သတင်းသမား ၈၈ ဦး ထောင်ဒဏ်စုစုပေါင်း ၄၉၇ နှစ် ချမှတ်ခံထားရ
Donate to DVB

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်းက သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား ၈၈ ယောက်ရဲ့ ထောင်ဒဏ်စုစုပေါင်းဟာ ၄၉၇ နှစ်ရှိတယ်လို့ သိရပါတယ်။  

အာဏာသိမ်း ၄ နှစ်ကျော်ကာလမှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ သတင်းသမား ၂၀၀ ကျော်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ သတင်းသမား ၈၈ ယောက်ရဲ့ ပြစ်ဒဏ်စုစုပေါင်းဟာ ၄၉၇ နှစ်ရှိတယ်လို့ နိုင်ငံပေါင်း တစ်ရာကျော်က လူမှုအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တရားဥပဒေဆိုင်ရာမြှင့်တင်ချက်တွေ လုပ်ဆောင်နေတဲ့ The International Center for Not-for-Profit Law (ICNL) အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုဧပြီလ ပထမပတ်ထဲမှာပဲ ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ မြေလတ်အသံသတင်းဌာနက သတင်းထောက် ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ တရားစွဲတင်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်ပါတယ်။ 

သတင်းရယူတင်ဆက်နေတဲ့ သတင်းသမားတယောက်ကို ပြစ်မှုပြစ်ဒဏ်ကြီးအောင် အခုလို ပုဒ်မတပ်ဖမ်းဆီးတာဖြစ်တယ်လို့ မြေလတ်သံသတင်းဌာနရဲ့ အယ်ဒီတာအဖွဲ့ဝင် ကိုဟိန်းစံက ပြောပါတယ်။

“သူတို့ကို ဆန့်ကျင်ရေးသားနေတဲ့ မီဒီယာတွေကို အဲဒီလိုပဲ အရှေ့မှာလည်း အလားတူ ကိစ္စတွေလည်း အများကြီးပေါ့။ အငြိုးတကြီးနဲ့ ဖမ်းတယ်၊ နှိပ်စက်တယ်၊ ထောင်အဆမတန်တွေ ချတယ်ပေါ့။ တချို့ဆို အသတ်ခံရတဲ့အထိ ဖြစ်တယ်ပေါ့။ ဒါတွေက သတင်းမီဒီယာလွတ်လပ်ခွင့် အပြင်းထန်ဆုံး ချိုးဖောက်ခံနေရတာပေါ့။ သတင်းရယူတယ်ဆိုရင် သူတို့လုပ်နေကျ အမြင်ကပ်ပုဒ်မလို့ခေါ်တဲ့  ၅၀၅ တို့ဘာတို့ တပ်လို့ရတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲ ပြစ်ဒဏ်ကို မကြီးကြီးအောင်လို့ အကြမ်းဖက်ဥပဒေလိုဟာနဲ့ တပ်ပြီးတော့မှ နှစ်များများချလို့ရအောင် ပုဒ်မကို တပ်တာ။ လိုတဲ့ ပုဒ်မကို တပ်ပြီး ဒီ ၅ နှစ်ဆိုတာကိုချတာပေါ့။ ဒါက သတင်းအလုပ် လုပ်နေတာဆိုတော့ လုံးဝ မဖြစ်သင့်ဘူး။ သတင်းမီဒီယာ လွတ်လပ်ခွင့်က ကမ္ဘာမှာ အဆိုးဆုံးဖြစ်နေတာတောင် ထပ်ပြီး ပိုပြီး ဆိုးဝါးလာတဲ့ အခြေအနေလို့ မှတ်ချက်ပြုချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံရတဲ့ သတင်းသမား ၂၂၁ ယောက် ရှိပြီး လက်ရှိအချိန်ထိ ၅၁ ယောက် ဖမ်းဆီးခံထားရဆဲဖြစ်ကာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းထောက် ၂၃ ရာခိုင်နှုန်းက ပြင်းထန်တဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ ၂၇ နှစ်အထိ ချမှတ်ခံခဲ့ရကြောင်း ICNL က ဖော်ပြထားပါတယ်။

မီဒီယာ ၉၉ ခုက သတင်းသမားတွေ ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲ မီဒီယာ ၈၈ ခုက သတင်းသမားတွေဟာ နှစ်ရှဉ်ထောင်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ထောင်ဒဏ်အများဆုံးချခံထားရတဲ့သူတွေထဲ မြန်မာနောင်းသတင်းဌာနရဲ့ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်လည်း ပါဝင်ပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက “ကိုစိုင်းဇော် ချုပ်နှောင်ခံထားရတာ အခုဆို ၂ နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ ဒီ ၂ နှစ်အတွင်းမှာ သူဟာ အလွန်ညှဉ်းပန်း နှိပ်စက်ခံထားရတယ်လို့ ကျနော်တို့ သိထားပါတယ်၊ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ တတိယနိုင်ငံ ဩစတြေးလျကိုထွက်လာဖို့ ကျနော်တို့အဖွဲ့သားတွေထဲကမှ သူက ပထမဆုံးအခွင့်အရေး ရခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့သတင်းစာလုပ်ငန်းကို မြေပြင်မှာ ဆက်လက်ပြီး လုပ်ချင်တယ်၊ နောက်ပြီး ရန်ကုန်မှာရှိတဲ့ သူရဲ့ မိခင်ကို စောင့်ရှောက်ဖို့ဆိုပြီး သူဟာ မြန်မာပြည်မှာပဲ နေဖို့ ဆက်ဆုံးဖြတ်ခဲ့တဲ့သူပါ။ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကျနော်တို့ကတော့ အဆက်မပြတ် တောင်းဆိုနေမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လာမယ့် မေ ၃ ရက်နေ့က အပြည်ပြည်ဆိုင်ရာသတင်းနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပေမဲ့ မြန်မာနိုင်ငက သတင်းသမားတွေရဲ့ လွတ်လပ်မှုနဲ့ သတင်းရယူခွင့်တွေကတော့ ဖိနှိပ်ခံထားရဆဲဖြစ်ပါတယ်၊ ဒီလိုအခြေအနေမှာ သတင်းရယူတင်ဆက်နေကြတဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေကို ဂုဏ်ယူကြောင်း Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ဆက်ပြောပါတယ်။

“ပြည်တွင်းမှာရှိတဲ့ သတင်းသမားတွေရော၊ ပြည်ပမှာရှိတဲ့သတင်းသမားတွေရောဟာ သတင်းတွေ တင်ဆက်ဖို့အတွက် သတင်းတွေရယူဖို့အတွက် အလွန်အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။ ပြည်တွင်းက သတင်းသမားတွေဆို အများစုက လုံးဝကို လှုပ်ရှားလို့မရတဲ့  အခြေအနေတွေ ကျရောက်နေတယ်။ ပြည်ပ လူတွေလည်း အခက်အခဲတွေ အများကြီးပဲ ရင်ဆိုင်နေရတယ်၊ ဒီလိုအခြေအနေ ကြားထဲကနေ ပြည်တွင်းမှာ ရှိတဲ့ သတင်းသမားတွေရော၊ ပြည်ပကသတင်းသမားတွေရော ကြိုးစားပြီး သတင်းတင်ဆက်နိုင်တာ အင်မတန် ဂုဏ်ယူဖို့ ကောင်းပါတယ်၊ ဒါကိုလည်း ကျနော်တို့အားလုံး ဆက်လုပ်ကြမယ်လို့ ပြောချင်ပါတယ်။”

သတင်းသမားတွေထဲ ဖမ်းဝရမ်းထုတ်ခံထားရသူ  ၅၄ ယောက်၊ စုစုပေါင်းဖမ်းဆီးခံရသူ  ၂၁၄ ယောက်နဲ့ ပြန်လည်လွတ်မြောက်လာသူ  ၁၅၆ ယောက်ရှိပြီး လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲ  ၅၈ ယောက်နဲ့ သေဆုံးသူ  ၈ ယောက်ရှိကြောင်း သိရပါတယ်။

သတင်းမီဒီယာ လုပ်ကိုင်ခွင့် လိုင်စင်ပိတ်သိမ်းခံရတဲ့ မီဒီယာ  ၁၅ ခုထိ ရှိလာပြီး ထုတ်ဝေခွင့် ရပ်နားခံရတဲ့ မီဒီယာ ၁၂ ခု ရှိတယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013