DVB Logo
Home
Lead Story
ပုပ်ရဟန်းမင်းသစ် အာဖရိက / အာရှမှ တင်မြှောက်ခံရမလား
DVB
·
May 1, 2025
ပုပ်ရဟန်းမင်းသစ် အာဖရိက / အာရှမှ တင်မြှောက်ခံရမလား
Donate to DVB

အပိုင်း (၁)

ပုပ်ရဟန်းမင်း ဖရန်စစ် (၁၉၃၆-၂၀၂၅)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ သက်တော် ၈၈ နှစ်၊ ဧပြီလ ၂၁ ရက်နေ့မှာ ပျံလွန်သွားခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့မှာတော့ ရဟန်းမင်းကြီးရဲ့ စျာပန ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်အများအပြား တက်ရောက်ခဲ့ကြပါတယ်။

ဖရန်စစ်ဟာ ပထမဆုံး ယေဇူးဂိုဏ်းဝင် ပုပ်ဖြစ်သလို တောင်နဲ့ မြောက်အမေရိက တိုက်ကြီးနှစ်တိုက်က ပထမဆုံး တင်မြှောက်ခံရသူ၊ တောင်ကမ္ဘာခြမ်းက ပထမဆုံး တင်မြှောက်ခံရသူလည်း ဖြစ်ပါတယ်။ ၈ ရာစုက ဆီးရီးယားက ပုပ်ရဟန်းမင်းကြီး တတိယမြောက် ဂရီဂိုရီပြီးရင် ဥရောပ အပြင်ဘက်မှာ မွေးတဲ့၊ ကြီးပြင်းတဲ့ ပထမဆုံး ပုပ်ရဟန်းမင်းလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မှာ မွေးဖွားပေမဲ့ အီတလီမိသားစုက ဆင်းသက်လာသူဖြစ်ပြီး အမည်ရင်း ဟိုဟေးမာရီယို ဘက်ဂိုလီယို ဖြစ်ပါတယ်။ အသည်းအသန် နာမကျန်းဖြစ်ပြီးတဲ့နောက်မှာ ယေဇူးဂိုဏ်းကို ဝင်ခဲ့တာဖြစ်ပြီး ၁၉၆၉ မှာ ကက်သလစ်ရဟန်း ဖြစ်လာပါတယ်။ ၁၉၉၈ မှာ ဗျူနိုးအေးရိစ် ဂိုဏ်းချုပ်ဆရာတော် ဖြစ်လာပြီးတော့ ၂၀၀၁ မှာတော့ ကာဒီနယ် ရဟန်းအမတ်ကြီး ဖြစ်လာပါတယ်။  ၂၀၁၃ ခုနှစ်မှာ ပုပ်ရဟန်းမင်း ဘီနီဒစ်-၁၆ နန်းစွန့်ခဲ့ အပြီးမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အဖြစ် ဆက်ခံခဲ့သူဖြစ်ပါတယ်။

ပုပ်ဖရန်စစ်ဟာ နှိမ့်ချဆက်ဆံတတ်မှု၊ ရိုးရိုးရှင်းရှင်း နေထိုင်တတ်မှုနဲ့ ငြိမ်းချမ်းရေး နှိုးဆော်မှုတွေကြောင့် ထင်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ ကက်သလစ်ကျောင်းတော် ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့သူဖြစ်ပြီးတော့ ရှေးရိုးအစဉ်အလာနဲ့ ပြုပြင်ပြောင်းလဲရေးကြားမှာ အတတ်နိုင်ဆုံး မျှတအောင် ကြိုးပမ်းခဲ့သူအဖြစ် အမှတ်ရနေကြမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာကြီးက ပုပ်ရဟန်းမင်းရဲ့ ဂုဏ်သတင်းတွေကို အောက်မေ့တသနေတုန်းမှာပဲ ကမ္ဘာ့အသေးဆုံးနိုင်ငံ ဗာတီကန်စီးတီးမှာတော့ ရာဇပလ္လင်ဆက်ခံရေး ညှိနှိုင်းမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။ ကာဒီနယ်လို့ ခေါ်တဲ့ ရဟန်းအမတ်ကြီးတွေဟာ ဧပြီလ ၂၈ ရက်နေ့မှာ စတင်တွေ့ဆုံကြဖို့ရှိပြီး ရဟန်းမင်းသစ်ရွေးကောက်မယ့် ကွန့်ကလေ့ဗ်လို့ခေါ်တဲ့ တံခါးပိတ်အစည်းအဝေးကိုတော့ မေလဆန်းမှာ ကျင်းပဖို့ရှိနေပါတယ်။

ရိုက်တာသတင်းဌာနရဲ့ ဗာတီကန်စီးတီးသတင်းထောက် ဂျိုရှူအာ မက်ကယ်လွီးက “ပုပ်ဖရန်စစ်က အမေရိကတိုက်ကြီးတွေက လာတဲ့ ပထမဆုံး ပုပ်ရဟန်းမင်း ဖြစ်ပါတယ်။ အာဂျင်တီးနားနိုင်ငံက ဖြစ်ပြီး အရင် ရဟန်းမင်းတွေ သဘောကျတဲ့ ခမ်းနားလှပတဲ့ ဓလေ့ထုံးစံတွေကို အသုံးပြုရတာ  မကြိုက်တဲ့ ပုဂ္ဂိုလ်ပါ။ ရိုးရှင်းတဲ့ နေထိုင်မှုပုံစံကိုပဲ ရွေးတဲ့သူလို့ လူသိများပါတယ်။ ပုပ်ရဟန်းမင်း စျာပနအခမ်းနား ဓလေ့တွေကိုပါ ရိုးရှင်းအောင် ပြောင်းလဲခဲ့ပါတယ်။ အဓိက အပြောင်းလဲတခုကတော့ သူ့ကို ရိုးရှင်းတဲ့ သစ်သားခေါင်းနဲ့ မြှုပ်ဖို့ တောင်းဆိုခဲ့တာပါ။ အရင် ရဟန်းမင်းကြီးတွေတုန်းကတော့ ဆိုက်ပရက်စ်ပင်အသား၊ ဝက်သစ်ချအသား၊ ခဲ ဆိုပြီးတော့ အလွှာသုံးထပ် ပေါင်းထားတဲ့ ခေါင်းတလားနဲ့ မြှုပ်လေ့ရှိပါတယ်။ တခြားပုပ်ရဟန်းမင်းတွေနဲ့အတူ စိန့်ပီတာ ဘုရားကျောင်းတော်ကြီးမှာ မမြှုပ်နှံဖို့လည်း တောင်းဆိုခဲ့ပါတယ်။ သူ အထူးကိုးစားတဲ့ ရောမမြို့က ဆန်တာမာရီယာ မဂျော်ရီ ဘုရားကျောင်းတော်ကြီးမှာပဲ မြှုပ်နှံဖို့ တောင်းဆိုခဲ့ပြီး အဲဒီမှာပဲ သူ့ရဲ့အုတ်ဂူ ထားရှိမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အပိုင်း (၂)

ကမ္ဘာ့အသေးဆုံးနိုင်ငံ ဗာတီကန်စီးတီး

ကမ္ဘာ့အသေးဆုံး လွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ ဗာတီကန်စီးတီးဟာ ရိုမန်ကက်သလစ်ကျောင်းတော်ရဲ့ စိတ်ဝိညာဉ်ဆိုင်ရာနဲ့ အုပ်ချုပ်ရေးဆိုင်ရာ နှလုံးအိမ်လည်း ဖြစ်ပါတယ်။

ရောမမြို့ကြီးက ဝန်းရံထားတဲ့ ၁၂၁ ဧကပဲ ရှိတဲ့ မြို့ပြနိုင်ငံလေးမှာ Holy See နဲ့ ဗာတီကန်စီးတီး ဆိုပြီး ဆက်စပ်ပေမဲ့ သီးခြားစီရှိတဲ့ စုဖွဲ့မှုနှစ်မျိုး တည်ရှိပါတယ်။ Holy See ဆိုတာက ဗာတီကန်စီးတီးမှာ ရုံးချုပ်ရှိတဲ့ ပုပ်ရဟန်းမင်း ဦးဆောင်တဲ့ ကက်သလစ်ကျောင်းတော်ရဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကို ဆိုလိုတာဖြစ်ပါတယ်။ တဖက်မှာ ဗာတီကန်စီးတီး ဆိုတာကတော့ ပုပ်ရဟန်းမင်းကပဲ အုပ်ချုပ်သူဖြစ်တဲ့ ရောမမြို့အတွင်းက သီးခြားလွတ်လပ်၊ အချုပ်အခြာ အာဏာပိုင်တဲ့ လူဦးရေ ၉၀၀ မပြည့်တဲ့ ကမ္ဘာ့အသေးဆုံး မြို့ပြနိုင်ငံလေးကို ဆိုလိုတာဖြစ်ပါတယ်။

ဗာတီကန်ရဲ့ ဗဟိုချက်မှာတော့ ဗိသုကာပညာရှင်ကြီး ဂျီယန်လိုရန်ဇို ဘာနီနီ ၁၇ ရာစုက  ဒီဇိုင်းရေးဆွဲခဲ့တဲ့ ခမ်းနားလှတဲ့ စိန့်ပီတာရင်ပြင်ကြီး တည်ရှိပါတယ်။ ဧရာမတိုင်လုံးကြီးတွေနဲ့ ဝန်းရံထားတဲ့ ဒီနေရာဟာ နှစ်စဉ် ဘုရားဖူးနဲ့ ခရီးသွား သန်းနဲ့ချီပြီး ဆွဲဆောင်ထားနိုင်ပါတယ်။ ဒီရင်ပြင်ရဲ့ အလယ်မှာတော့ ရှေးခေတ် အီဂျစ်မော်ကွန်းကျောက်တိုင်ကြီးနဲ့ ရေပန်းကြီးနှစ်ခု ရင်သပ်ရှုမောဖွယ် တည်ရှိပါတယ်။ အဲဒီကမှ စိန့်ပီတာ ဘက်ဆီလီကာလို့ ခေါ်တဲ့ စိန့်ပီတာ ဘုရားကျောင်းကြီးဆီကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ရီနေးဆန့်ခေတ်၊ ဘရို့ခ် ဗိသုကာလက်ရာမွန်ဖြစ်တဲ့ ဒီ ဘုရားရှိခိုးကျောင်းကြီးဟာ ကမ္ဘာမှာ အကြီးဆုံး ချာ့ချ်ကျောင်းတွေထဲက တခုဖြစ်ပါတယ်။ ဒီကျောင်းကြီးရဲ့ သင်္ကေတဖြစ်တဲ့ အမိုးခုံးကြီးကို မိုက်ကယ်အင်ဂျလိုက ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ကျောင်းအတွင်းမှာတော့ မိုက်ကယ်အင်ဂျလို ထုလုပ်ခဲ့တဲ့ ပီယေတာလို့ ခေါ်တဲ့ မယ်တော်ရဲ့ကရုဏာ ပန်းပုရုပ်တု၊ အီတလီအနုပညာရှင် ဘာနီနီ ဒီဇိုင်းဆွဲခဲ့တဲ့ သလွန်မျက်နှာကြက်လို သမိုင်းဝင် အနုပညာလက်ရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဘာတီကန်စီးတီးဟာ ယုံကြည်မှု၊ သမိုင်းနဲ့ အနုပညာတွေ ပေါင်းစပ်ထားတဲ့ နေရာအဖြစ် အထူးထင်ရှားတာ ဖြစ်ပါတယ်။

ရိုက်တာရဲ့ ဗာတီကန်စီးတီးသတင်းထောက် ဂျိုရှူအာ မက်ကယ်လွီးက “ပုပ်ရဟန်းမင်း ကွယ်လွန်သွားတဲ့အခါ ကာမာလင်ဂိုလို့ခေါ်တဲ့ ဗာတီကန်ရဲ့ ‘အိမ်တော်ဝန်’ အရာရှိက ကွယ်လွန်ကြောင်း အတည်ပြုရပါတယ်။ လက်ရှိကတော့ အိုင်းရစ်-အမေရိကန် ကာဒီနယ်ကြီး ကဗင် ဖာရဲလ်က ဒီတာဝန်ယူထားပါတယ်။ အတည်ပြုပြီးတဲ့အခါမှာ ကာဒီနယ် အစုအဖွဲ့နဲ့ ရောမက သံတမန်အားလုံးကို အသိပေးပါတယ်။ အဲဒီအချိန်မှာ ဗာတီကန်ဟာ ‘ဆေဒါ ဗကန်တေး’ လို့ခေါ်တဲ့ ‘ရာဇပလ္လင် လစ်လပ်’ တဲ့ အခြေအနေ ရောက်သွားပါတယ်။ စိန့်ပီတာပလ္လင် လစ်လပ်နေပြီ။ ပုပ်ရဟန်းမင်းနေရာ လစ်လပ်နေပြီပေါ့။ အဲဒီအခါ ကာဒီနယ် ဖာရဲလ်က ယာယီ ဗာတီကန်ခေါင်းဆောင် ဖြစ်လာပြီးတော့ ကွန့်ကလေ့ဗ် (တံခါးပိတ်အစည်းအဝေး) စဖို့ လုပ်ပေးရပါတယ်” လို့ ပြောပါတယ်။

အပိုင်း (၃)

ပုပ်ရဟန်းမင်းကို ဘယ်လိုရွေးသလဲ

ပုပ်ရဟန်းမင်းကြီး ကွယ်လွန်တဲ့အခါ၊ ဒါမှမဟုတ် နုတ်ထွက်တဲ့အခါ၊ ကာဒီနယ်များ အစုအဖွဲ့ဟာ ဆစ်စတင်း ဘုရားရှိခိုးကျောင်းမှာ စုဝေးပြီး ပုပ်ရဟန်းမင်းရွေးချယ်ရေး တံခါးပိတ်အစည်းအဝေး ကျင်းပကြပါတယ်။

၁။ ကာဒီနယ်များစုဝေးမှု

အသက် ၈၀ မပြည့်သေးတဲ့ ကာဒီနယ်တွေပဲ မဲပေးပိုင်ခွင့်ရှိသလို အပါး ၁၂၀ ထက်  ပိုခွင့်မရှိတဲ့အတွက် အရင်ဆုံး အပါး ၁၂၀ ပဲ ကြိုရွေးထားရမှာ ဖြစ်ပါတယ်။ လျှို့ဝှက်ထားရှိဖို့ ကျမ်းကျိန်ရပါတယ်။

လက်ရှိမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ကာဒီနယ် ၁၃၅ ပါးရှိတယ်လို့ မီဒီယာတွေက ဖော်ပြနေတာကြောင့် ဒီအထဲက ၁၂၀ ပြန်ရွေးမှာလား၊ စည်းမျဉ်းပြန်ပြင်မှာလား ဆိုတာတော့ ရှေ့ရက်တွေမှာ သေချာသိရမှာ ဖြစ်ပါတယ်။

၂။ ဆစ်စတင်း ဘုရားကျောင်းအတွင်း

ကာဒီနယ်အသီးသီးဟာ မဲစာရွက်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးနေရာ သူတို့ရွေးချယ်မှုကို ဖော်ပြပြီးတော့ လျှို့ဝှက်မဲပေးရပါတယ်။ ပြီးတဲ့အခါ မဲကိုသယ်သွားပြီးတော့ စင်မှာရှိတဲ့ ဖလားကြီးထဲ ထည့်ရပါတယ်။

၃။ မဲရေတွက်မှု၊ ထပ်မံရေတွက်မှု

မဲရေတဲ့သူတွေက မဲတွေကို မွှေပြီးရင် တက်ရောက်သူအားလုံး မဲပေးကြောင်း သေချာအောင် ရေတွက်ရပါတယ်။ မဲစာရွက်အသီးသီးမှာပါတဲ့ နာမည်ကို အသံထွက်ဖတ်ပြပြီး မှတ်တမ်းတင်ပါတယ်။

၄။ သဘောတူညီမှုရှာဖွေခြင်း

ပထမနေ့မှာ မဲပေးမှုတကြိမ်ပဲ ပြုလုပ်ရပါတယ်။ နောက်နေ့တွေမှာ တနေ့ကို လေးကြိမ်အထိ မဲပေးမှုကို တဦးတည်းက မဲ ၃ ပုံ ၂ ပုံ မရမချင်း ပြုလုပ်သွားရပါတယ်။

၅။ ကမ္ဘာကြီးကို အချက်ပေးခြင်း

မဲပေးတဲ့ အကြိမ်တကြိမ်ပြီးတိုင်းမှာ ကာဒီနယ်တွေရဲ့ မဲတွေကို မီးလင်းဖိုမှာ မီးရှို့ဖျက်ဆီးရပါတယ်။

မီးခိုးမည်း - အမည်းရောင်မီးခိုးဆိုရင် တဦးတည်း ပြတ်ပြတ်သားသား မရွေးချယ်နိုင်ဘူးလို့ ဆိုပါတယ်။

မီးခိုးဖြူ - အဖြူရောင်မီးခိုးဆိုရင် ပုပ်ရဟန်းမင်းကြီးသစ် ရွေးပြီးပြီလို့ ဆိုလိုပြီး ခေါင်းလောင်းတွေထိုးပြီး အတည်ပြုပါတယ်။

မီးခိုးအမည်း၊ မီးခိုးအဖြူ ထွက်ဖို့အတွက် မဲစာရွက်တွေကို ဓာတုပစ္စည်းတွေနဲ့ ရောရှို့ရပါတယ်။ မီးခိုးမည်းဆိုရင် ပိုတက်ဆီယမ် ပါလ်ခိုရိတ်၊ အန်တရာဆင်းန်နဲ့ ဆာလ်ဖာ ရောထားတဲ့ ဓာတုပစ္စည်းကို သုံးပါတယ်။ မီးခိုးဖြူထွက်ဖို့ဆိုရင် ပိုတက်ဆီယမ်ကလိုရိတ်၊ လက်တို့စ်နဲ့ ကလိုရိုဖောင်းရက်ဇင်း ရောထားတဲ့ ဓာတုပစ္စည်းကို သုံးပါတယ်။

သတင်းထောက် ဂျိုရှူအာ မက်ကယ်လွီးက “ပုံမှန်ဆိုရင်တော့ ဆစ်စတင်း ဘုရားရှိခိုးကျောင်းမှာ မီးခိုးခေါင်းတိုင် မရှိပါဘူး။ ကွန့်ကလေ့ဗ် (တံခါးပိတ်အစည်းအဝေး) အတွက် အထူးတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။ ကာဒီနယ်တွေက သူတို့ရဲ့မဲတွေကို လျှို့ဝှက်ထားဖို့ မီးရှို့ရတာပါ။ ကာဒီနယ်တွေ ဘယ်သူ့ကို ပုပ်ရဟန်းမင်းကြီး ဖြစ်သင့်သလဲ မဲပေးနေတဲ့အခါ ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်ပြတ်နေရမှာ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဆဲလ်ဖုန်း သုံးခွင့်မရှိဘူး။ သတင်းစာ ဖတ်ခွင့်မရှိဘူး။ ပြင်ပကမ္ဘာနဲ့ ဘယ်လိုဆက်သွယ်မှုမျိုးမှ မရှိရပါဘူး” လို့ ပြောပါတယ်။

၆။ ပုပ်ရဟန်းမင်းသစ်

တဦးတယောက်ဟာ လုံလောက်တဲ့မဲအရေအတွက် ရရှိပြီးတော့ ဒီရာထူးကိုလက်ခံဖို့လည်း အတည်ပြုရင် ပုပ်ရဟန်းမင်းသစ် ဖြစ်လာပါတယ်။ သုံးစွဲဖို့ ဘွဲ့တော်အမည်ကိုပါ ကြေညာပေးရပါတယ်။

သတင်းထောက် ဂျိုရှူအာ မက်ကယ်လွီးက “အဲဒီအချိန်ကစပြီး ပုပ်ရဟန်းမင်းကြီးအသစ် အနေနဲ့ ပြင်ဆင်ရပါတယ်။ ကျနော့်နောက်မှာရှိတဲ့ စိန့်ပီတာဘုရားကျောင်းတော်ကြီးရဲ့ လေသာဆောင်မှာ လူလုံးထွက်ပြရပါတယ်။ ကာဒီနယ်တွေက ‘ဟာဘေးမပ်စ် ပါပမ်’ (‘ကျွန်ုပ်တို့မှာ ပုပ်ရဟန်းမင်းကြီးတပါး ရှိပါပြီ’) လို့ ပရိသတ်ကို ကြေညာရပါတယ်။ အဲဒီနောက်မှာ ပုပ်ရဟန်းမင်းအသစ်က ကမ္ဘာကြီးအတွက် သူ့ရဲ့ ပထမဆုံး ကောင်းချီးမင်္ဂလာ ပေးပြီးတော့ ကမ္ဘာအနှံ့က ပြည်သူတွေကို သိရှိစေရပါတယ်” လို့ ပြောပါတယ်။

အပိုင်း (၄)

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်မလဲ

ပုပ်ရဟန်းမင်းသစ် ဘယ်သူဖြစ်မလဲ ဆိုတာဟာ ကမ္ဘာပေါ်မှာရှိတဲ့ ရိုမန်ကက်သလစ် သာသနာဝင် သန်း ၁,၄၀၀ ကျော်အတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိလာမှာပါ။ ရဟန်းအမတ်ကြီးတွေလို့ ဆိုနိုင်တဲ့ လက်ရှိ ကာဒီနယ်ကြီးတွေထဲမှာမှ မဲပေးပိုင်ခွင့်ရှိတဲ့ သက်တော်  ၈၀ အောက် အများစု ပထမဆုံးအကြိမ် ပုပ်ရဟန်းမင်း ရွေးချယ်ပွဲမှာ ပါခွင့်ရတာဖြစ်သလို ပိုကျယ်ပြန့်တဲ့ ကမ္ဘာ့အမြင်ကိုလည်း ကိုယ်စားပြုမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲပေးမယ့်သူတွေထဲမှာ ဥရောပက ကာဒီနယ်အရေအတွက်ဟာ သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထက်ဝက်အောက်ကို လျော့နည်းသွားလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မီဒီယာတွေမှာတော့ အာဖရိကတိုက်က ဒါမှမဟုတ် အာရှတိုက်က ပုပ်ရဟန်းမင်းကြီး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းဖော်ပြနေကြတာ တွေ့ရပါတယ်။

အာဖရိကမှာဆိုရင် ကက်သလစ်သာသာဝင် တိုးပွားလာနေတဲ့ ကွန်ဂိုက ကာဒီနယ်ကြီး ဖရီဒိုလင် အမ်ဘွန်ဂို ဘီဆွန်ဂူ (Fridolin Ambongo Besungu) နဲ့ ဂါနာက ကာဒီနယ်ကြီး ပီတာ ကိုဒွို အပီယာ့တာ့ခ်ဆန် (Peter Kodwo Appiah Turkson) တို့ နာမည်ကြီးနေပါတယ်။ ဒါမှမဟုတ်ဘဲ  ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့တဲ့ အီတလီက ကာဒီနယ်ကြီး ပေထရို ပါရိုလင်ကို ရွေးလိုက်တာလည်း ဖြစ်နိုင်တယ်လို့ ပြောနေကြပါတယ်။

အာရှကတော့ ဖိလစ်ပိုင်က ကာဒီနယ်ကြီး လူးဝစ်အန်တိုနီယာ တာဂေးက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ မြန်မာပြည်က ကာဒီနယ်ကြီး ချားစ်မောင်ဘို ကိုလည်း ဖြစ်နိုင်ခြေရှိတဲ့ စာရင်းမှာ ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားပါတယ်။

College of Cardinal’s Report လို့ခေါ်တဲ့ ဝက်ဘ်ဆိုက်တော့ ပုပ်ရဟန်းမင်းကြီး ဖြစ်နိုင်တဲ့ ဂုဏ်သတင်း၊ အရည်အချင်းနဲ့ ပြည့်စုံတဲ့သူ ၂၂ ဦးအထိ ရှိတယ်လို့ တွက်ချက်ပြထားပါတယ်။ နိုင်ငံရေး ရွေးကောက်ပွဲတွေလို မဟုတ်ဘဲနဲ့ ဘယ်သူကတော့ လူကြိုက်ပိုများ၊ ထောက်ခံမှု ပိုရထားတယ်လို့ ကံသေကမံ ပြောဖို့ အင်မတန်ခက်ခဲပါတယ်။

ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ် ၁၆ အနားယူမယ်လို့ ကြေညာချိန်ကလည်း သူ့နေရာဆက်ခံဖို့ သက်တော်အရမ်းမကြီးတဲ့ သူတွေထဲက ရွေးဖို့များတယ်လို့ ကနဦး သတင်းထွက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရယ်လို့ ဖြစ်လာမယ့် အာဂျင်တီးနားက ကာဒီနယ်ကြီး ဟိုဟေးမာရီယို ဘက်ဂိုလီယို (Jorge Mario Bergoglio) ဟာ ၂၀၁၃ တုန်းကတောင် သက်တော် ၇၆ နှစ် ရှိပြီဖြစ်တဲ့အတွက် ဆက်ခံဖို့ နာမည်ကြီးသူစာရင်းတွေမှာ မပါခဲ့ပါဘူး။ ဒါပေမဲ့ ညှိနှိုင်းမှုတွေ အပြီးမှာ ဘက်ဂိုလီယိုကို ရွေးကောက်ခဲ့ကြတဲ့ သမိုင်းရှိပါတယ်။

ဒီနေရာမှာ အစဉ်အလာကို ထည့်တွက်မယ်ဆိုရင် ကမ္ဘာမှာ ပုပ်ရဟန်းမင်း အစဉ်အဆက် ၂၆၆ ပါး ရှိခဲ့ရာမှာ ၂၁၇ ပါးက အီတလီကပဲဆိုတဲ့ အချက်ကိုလည်း သွားတွေ့ရပါတယ်။ သမိုင်းမှာ အာဖရိကတိုက်က ပုပ်ရဟန်းမင်းသုံးပါး ရှိခဲ့ပေမဲ့ အာဖရိကက ရွေးတဲ့ နောက်ဆုံး ပုပ်ရဟန်းမင်းက ခရစ်နှစ် ၄၉၆ ခု၊ လွန်ခဲ့တဲ့ အနှစ် ၁၅၀၀ ကျော်က ဖြစ်ပါတယ်။

ဒါကြောင့် မေလဆန်းမှာ ကျင်းပဖြစ်မယ်လို့ မျှော်လင့်ရတဲ့ Conclave (တံခါးပိတ်အစည်းအဝေး) မှာ အကျေအလည်ဆွေးနွေး၊ အကြိမ်ကြိမ်မဲပေးကြအပြီး မီခိုးခေါင်းတိုင်က မီးခိုးဖြူထွက်မှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။

စိုင်းခေတ်နွေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013