
ကွန်မြူနစ်တွေ အောင်ပွဲရပြီး နိုင်ငံပေါင်းစည်းနိုင်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ အဆုံးသတ်မှု အနှစ် ၅၀ ပြည့် အခမ်းအနားကို ဧပြီ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။
ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံတော်သမ္မတဖြစ်သူ တူလမ်ကတော့ “မင်းဆိုးမစ်ညစ်အပေါ် တရားမျှတမှုရဲ့ အောင်ပွဲ” ဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
၁၉၇၅ ခုနှစ် ဧပြီ ၃၀ ရက်မှာ ကွန်မြူနစ်တွေ အုပ်ချုပ်နေတဲ့ မြောက်ဗီယက်နမ်က အမေရိကန် ထောက်ပံ့ပေးထားတဲ့ တောင်ဗီယက်နမ်ရဲ့ မြို့တော် ဆိုင်ဂုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ တောင်နဲ့ မြောက် ၂ နိုင်ငံ ပေါင်းစည်းနိုင်ခဲ့ပြီး ဆိုင်ဂုံကိုတော့ မြောက်ဗီယက်နမ် ထူထောင်သူ ခေါင်းဆောင်ကြီး ဟိုချီမင်းကို အစွဲပြုပြီးတော့ ဟိုချီမင်းစီးတီးလို့ နာမည်ပြောင်းခဲ့ပါတယ်။
ဟိုချီမင်းစီးတီးမှာ စုဝေးချီတက်ပွဲနဲ့ အောင်ပွဲခံအခမ်းအနားတွေ ကျင်းပခဲ့သလို ရုရှားလုပ် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပြပွဲတရပ်လည်း ကျင်းပခဲ့ပါတယ်။ ဗီယက်နမ် ပြည်သူတွေဟာ အလံနီတွေ ဝှေ့ယမ်းပြီးတော့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး တေးတွေ သီဆိုချီတက်ခဲ့ကြပါတယ်။
“ဗီယက်နမ်ဟာ တခုတည်းပဲ၊ ဗီယက်နမ်ပြည်သူတွေဟာ တသားတည်းပဲ။ မြစ်တွေသာ ခန်းချင် ခန်းမယ်၊ တောင်တွေသာ တိုက်စား ပျောက်ကွယ်သွားချင်သွားမယ်။ အမှန်တရားကတော့ ဘယ်တော့မှ မပြောင်းလဲဘူး” ဆိုတဲ့ ဟိုချီမင်းရဲ့ ဆောင်ပုဒ်ကိုလည်း သမ္မတ က ပြန်လည်ရွတ်ဆိုခဲ့ပါတယ်။
တောင်ဗီယက်နမ်ကနေ အမေရိကန်ရဲ့ တိုက်ပွဲဝင်တပ်တွေ ဆုတ်ပေးခဲ့ပြီး အနှစ် ၂၀ အကြာမှာ ဆိုင်ဂုံမြို့ ကျသွားခဲ့တာ ဖြစ်ပါတယ်။
ဗီယက်နမ် ၃ သန်း၊ အမေရိကန် ၆၀,၀၀၀ နီးပါး သေဆုံးစေခဲ့တဲ့ အနှစ် ၂၀ ပဋိပက္ခ အဆုံးသတ်သွားမှုလည်း ဖြစ်ပါတယ်။
ဆိုင်ဂုံမြို့ထဲကို ဝင်လာကြတဲ့ ကွန်မြူနစ်တပ်တွေကို ကန့်ကွက်တိုက်ခိုက်မှု မရှိခဲ့ဘူးလို့ မြို့ကျတဲ့အချိန် ရှိနေခဲ့တဲ့ ရိုက်တာသတင်းထောက်တယောက်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
အောင်ပွဲရတပ်တွေဟာ တောနက်ထဲက လက်နက်အပြည့်အစုံ တပ်ဆင်ထားသူတွေနဲ့ ဖွဲ့စည်ထားတာ ဖြစ်သလို ဖိနပ်တောင် မပါ ခြေဗလာနဲ့ ဆယ်ကျော်သက် ရဲဘော်တွေပါ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဗီယက်နမ်တပ်တွေ ဝင်လာချိန်မှာ အမေရိကန် ရဟတ်ယာဉ်တွေက လူ ၇,၀၀၀ လောက်ကို ဆိုင်ဂုံကနေ အရေးပေါ် ကယ်ထုတ်ခဲ့ပုံတွေလည်း မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ဧပြီ ၃၀ ရက် မနက် ၇ နာရီ ၅၃ မိနစ်မှာ အမေရိကန်သံရုံး ခေါင်မိုးပေါ်ကနေ နောက်ဆုံး ရဟတ်ယာဉ် ထွက်ခွာခဲ့ပြီး နောက်ဆုံးကျန်တဲ့ အမေရိကန် မရိန်းတပ်သားတွေကို ဆိုင်ဂုံကနေ ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters