
တဖက်က ကြည့်မည်ဆိုလျှင် လုံခြုံရေးစနစ်မှာ ထိရောက်မှုရှိခဲ့သည်ဟု ဆိုရမည်။ လုံခြုံရေးစည်းမှာ ကျိုးပေါက်မှုမရှိခဲ့။ အိမ်ဖြူတော်သတင်းထောက်များအသင်း၏ နှစ်ပတ်လည် ညစာစားပွဲ ကျင်းပရာ ခန်းမအပြင်ဘက် စင်္ကြံလမ်းတွင် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းသူကို လုံးထွေး ဖမ်းဆီးနိုင်ခဲ့သည်။
အမေရိကန် လျှို့ဝှက်လုံခြုံရေး Secret Service အေးဂျင့်တဦးကို ထိမှန်ခဲ့သည်သာ ရှိသည်။ သို့သော် ထိုကျည်ဆန်ကို အေးဂျင့်၏ လက်ကိုင်ဖုန်းနှင့် ကျည်ကာအင်္ကျီတို့က တစိတ်တပိုင်း တားဆီးပေးနိုင်ခဲ့သည်။
မီးများ အဖြတ်ခံရလျှင် အသင့်ဖြစ်နေစေရန်အတွက် ချေမှုန်းရေးရိုင်ဖယ်များနှင့် ညကြည့်မှန်ပြောင်းများ တပ်ဆင်ထားသော တန်ပြန်တိုက်ခိုက်ရေးအဖွဲ့သည် စင်မြင့်ပေါ်သို့ ချက်ချင်းဆိုသလို ရောက်ရှိ နေရာယူခဲ့ကြသည်။ အစိုးရ၏ ထိပ်သီးခေါင်းဆောင်များဖြစ်ကြသော သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးအဖွဲ့ဝင်များနှင့် အောက်လွှတ်တော်ဥက္ကဋ္ဌတို့ကို မိနစ်ပိုင်းအတွင်း ဘေးကင်းရာနေရာများသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုအတွင်း သေဆုံးသူ တဦးတယောက်မျှ မရှိခဲ့ပေ။
သို့သော်လည်း ယမန်နေ့ညက “ကျနော် အဆင်ပြေပါတယ်” ဆိုသည့် စာတိုများ ပေးပို့ရင်း အားလုံး သက်ပြင်းချနိုင်ခဲ့ကြသော်လည်း ယနေ့နံနက်တွင်မူ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ပွဲတက်ရောက်လာသူများမှာ ထိုဖြစ်ရပ်အပေါ် လေးလံထိုင်းမှိုင်းစွာ ဆက်လက်ခံစားနေကြရဆဲ ဖြစ်သည်။
တနင်္ဂနွေနေ့ နံနက်စာစားပွဲများကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပနေကြသော်လည်း ယခင်ထက် ပိုမိုတင်းကျပ်သော လုံခြုံရေးများနှင့်အတူ အခြေအနေများက သာသာယာယာ မရှိခဲ့။
ဤတိုက်ခိုက်မှုသည် ဒေါ်နယ်ထရမ့်ပ်အပေါ် လုပ်ကြံရန် ကြိုးပမ်းခဲ့သည့် ယခင်ဖြစ်ရပ်နှစ်ခုနှင့် မတူဘဲ ကွဲပြားခြားနားနေသည်။ အကြောင်းမှာ သမ္မတ တဦးတည်းကိုသာ ပစ်မှတ်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ New York Post သတင်းစာက ရရှိခဲ့သော သေနတ်သမား၏ ကြေညာချက်ထဲတွင် ၎င်းသည် “အစိုးရအဖွဲ့ တာဝန်ရှိသူများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး ၎င်းတို့ကို ရာထူးအဆင့်အတန်း အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ ဦးစားပေးအလိုက် သတ်မှတ်ထားသည်” ဟု ရေးသားထားသည်။
ယနေ့နံနက်တွင်မူ စိတ်လှုပ်ရှားမှုများ လျော့ကျသွားချိန်၌ အိမ်ဖြူတော်နှင့် နီးစပ်သူတဦး၏ အဆိုအရ ထိုအမှန်တရားမှာ ထရမ့်ပ်၏ အကြံပေးများကြားတွင် စတင်စိမ့်ဝင်လာခဲ့သည်။ အကယ်၍ အခြေအနေများသာ တမျိုးတဖုံ ဖြစ်သွားခဲ့ပါက နိုင်ငံ၏ ထိပ်သီးတာဝန်ရှိသူများသည် တကယ့်အန္တရာယ်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအဖွဲ့များအား အဓိကပုဂ္ဂိုလ်ကို မည်သည့်နည်းမျိုးနှင့်မဆို ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် သမ္မတ၏ ယာဉ်တန်း တိုက်ခိုက်ခံရပါက ယာဉ်တန်းကို နှစ်စုခွဲလိုက်ပြီး အငယ်တန်းဝန်ထမ်းများနှင့် သတင်းထောက်များကို ချန်ထားခဲ့ကာ သမ္မတကိုသာ ဘေးကင်းရာသို့ ခေါ်ဆောင်သွားရန် အရေးပေါ်အစီအစဉ်များ ရှိထားပြီးသား ဖြစ်သည်။ ဦးစားပေးက ရှင်းလင်းလှပေသည်။ “သမ္မတကို ဘေးကင်းအောင် လုပ်ဆောင်ရန်” ပင် ဖြစ်သည်။
ယမန်နေ့ညက ဝါရှင်တန် ဟီလ်တန် ဟိုတယ်တွင် သေနတ်သံများ ထွက်ပေါ်လာချိန်၌ လုံခြုံရေးအဖွဲ့ပေါင်းများစွာသည် ၎င်းတို့ ကာကွယ်ရမည့်သူများကို ရှာဖွေကယ်ထုတ်ရန် အခန်းများထဲသို့ အလုအယက် ဝင်ရောက်လာခဲ့ကြသည်။ အချို့မှာ သေနတ်များကို ဆွဲထုတ်ကာ ကုလားထိုင်များကို ကျော်ခွ၍ ဝင်ရောက်ခဲ့ကြပြီး အချို့ဖြစ်ရပ်များတွင်မူ ဇနီးမယားများ၊ လုပ်ဖော်ကိုင်ဘက်များနှင့် အခြားသူများကို ၎င်းတို့ဘာသာ ရင်ဆိုင်ကြရန် ချန်ထားရစ်ခဲ့ကြသည်။
ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာသည် ခန်းမထဲမှ ထွက်လာချိန်တွင် လုံခြုံရေးအေးဂျင့် သုံးဦးက ဝိုင်းရံကာကွယ်ပေးခဲ့သည်။ ၎င်း၏ဇနီးဖြစ်သူ ရှယ်ရီ ဟင်းန်မှာမူ ပွဲတက်ဝတ်စုံရှည်ကြီးဖြင့် အတားအဆီးများကို ကျော်ခွကာ ခပ်လှမ်းလှမ်းမှ တယောက်တည်း လိုက်လာခဲ့ရသည်။
ပစ်ခတ်မှုစတင်ချိန်တွင် ၎င်း၏ ထမင်းစားဝိုင်းနှင့် ဝေးကွာနေသော အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်သည် ဇနီးဖြစ်သူကို သွားရောက်ခေါ်ဆောင်ရန် လက်နက်ကိုင်အရာရှိများကို စေလွှတ်ခဲ့ရကြောင်း သူ၏အနီးတွင် ထိုင်နေသော သတင်းထောက်တဦး၏ အဆိုအရ သိရသည်။ ကိုယ်ရံတော်အဖွဲ့ မရှိကြသော အခြားသော ထရမ့်ပ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အကြံပေးများအတွက်မူ ထူးထူးခြားခြား ငဲ့ညှာမှုမျိုး မရှိခဲ့ပေ။ ၎င်းတို့မှာ ထိုနေရာတွင်ပင် ချန်ထားရစ်ခြင်း ခံခဲ့ရသည်။
အဆိုပါပွဲကို တက်ရောက်ခဲ့သည့် Goldman Sachs စီအီးအိုဟောင်း လွိုက် ဘလန့်ဖိန်း ကလည်း ယနေ့တွင် လူမှုကွန်ရက်ပေါ်၌ အောက်ပါအတိုင်း ရေးသားခဲ့သည်။
“အစိုးရ အာဏာရ အသိုက်အဝန်းတွေကြားမှာ သူတို့ရဲ့ အဆင့်အတန်းကို တိုင်းတာတဲ့ စံနှုန်းသစ် တခုကို ကျနော် သတိထားမိလိုက်တယ်။ အဲဒါကတော့ အရေးကြုံလာတဲ့အခါ သင့်ကို Secret Service က အမြန်ဆုံး ခေါ်ထုတ်သွားသလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့ ပစ်ထားခဲ့သလား ဆိုတာပါပဲ။”
ယခုကဲ့သို့သော အခြေအနေမှာ အသစ်အဆန်းတော့ မဟုတ်။ လူသိများ ထင်ရှားသည့် ခေါင်းဆောင်များအပေါ် လုပ်ကြံရန် ကြိုးပမ်းမှုများသည် အတန်ငယ် စိပ်လာခဲ့သည်။ ထရမ့်ပ်သည် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း နှစ်ကြိမ်တိုင်တိုင် ပစ်မှတ်ထားခံခဲ့ရပြီး ပင်ဆယ်ဗေးနီးယားပြည်နယ်၊ ဘတ္တလာမြို့ရှိ မဲဆွယ်ပွဲတခုတွင် သေနတ်ဖြင့် အပစ်ခံရစဉ် သေဘေးမှ သီသီလေး လွတ်မြောက်ခဲ့သည်။
လအနည်းငယ်အကြာတွင် United Healthcare ၏ စီအီးအို ဘရိုင်ယန် သော်မ်ဆန်သည် မန်ဟက်တန်လမ်းမပေါ်တွင် နေ့ခင်းကြောင်တောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်။ ထိုရာဇဝတ်မှုမှာ အင်တာနက်ပေါ်တွင် အချို့လူများ၏ ဂုဏ်ပြုခံခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ OpenAI ၏ စီအီးအို ဆမ် အော့တ်မန်း၏ နေအိမ်သည်လည်း ယခုလအစောပိုင်းတွင် တိုက်ခိုက်ခံခဲ့ရပြီး တိုက်ခိုက်သူမှာ AI ကြောင့် လူသားမျိုးနွယ်တို့ “မျိုးတုံးတော့မည့် အန္တရာယ်” ကို သတိပေးလိုသူတဦး ဖြစ်သည်ဟု ဆိုသည်။
ထရမ့်ပ်နှင့် သူ၏လက်ထောက်များနှင့်ပါ ရင်းနှီးသော ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီ ကာ့ခ် သည်လည်း လွန်ခဲ့သောနှစ်က နိုင်ငံရေးပွဲတပွဲတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ သူ၏ ဇနီးဖြစ်သူ အဲရီကာ ကာ့ခ်သည် အခင်းဖြစ်ပွားခဲ့သော ညစာစားပွဲသို့ တက်ရောက်လာခဲ့ပြီး ဝင်းလက်တောက်ပနေသော ခရင်မ်ရောင်ဝတ်စုံဖြင့် ဘေးကင်းရာသို့ လိုက်ပါသွားချိန်တွင် သိသိသာသာ စိတ်မချမ်းမမြေ့ ဖြစ်နေခဲ့သည်။ သူက “ကျမ အိမ်ပဲ ပြန်ချင်တော့တယ်” ဟု ရှိုက်ကြီးတငင် ပြောဆိုခဲ့သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ် အင်းဂဲလ်က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် သမ္မတအနေဖြင့် “ပြစ်မှုကျူးလွန်သူကို အချိန်မီ ဟန့်တားနှိမ်နင်းနိုင်ခဲ့ပြီး တက်ရောက်လာသူ အားလုံး၏ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးနိုင်ရန် လျင်မြန်စွာ အရေးယူ ဆောင်ရွက်ခဲ့ကြသော ဥပဒေစိုးမိုးရေးအဖွဲ့မှ သတ္တိခဲ အမျိုးသား၊ အမျိုးသမီးများကို ကျေးဇူးတင်ရှိကြောင်း” ဖော်ပြထားပါသည်။
အိမ်ဖြူတော် အဆင့်မြင့်အရာရှိအချို့ကိုမူ အပိုဆောင်း လုံခြုံရေးများ ပေးထားသည်။ ဒုတိယ ဝန်ထမ်းအကြီးအကဲ စတီဖင် မစ်လာသည် မြောက်ပိုင်းဗာဂျီးနီးယားရှိ သူ၏နေအိမ်ပြင်ပသို့ ဆန္ဒပြသူများ ရောက်ရှိလာပြီးနောက် စစ်အခြေစိုက်စခန်းတခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
အခြားသော ဝန်ကြီးအဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် တို့သည်လည်း စစ်အခြေစိုက်စခန်းများသို့ ပြောင်းရွှေ့နေထိုင်ပြီးဖြစ်ကာ အနည်းဆုံး အခြားအဆင့်မြင့်အစိုးရအရာရှိ တဦးသည်လည်း နိုင်ငံခြားမှ ခြိမ်းခြောက်မှုတခုကြောင့် ၎င်းတို့နောက်သို့ လိုက်ပါပြောင်းရွှေ့ခဲ့သည်။
ယခုအခါ ဘာတွေပြောင်းလဲရန် လိုအပ်သည်လည်း ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာသည်။ အစိုးရအဖွဲ့ဝင် အဆင့်မြင့် တာဝန်ရှိသူ အမြောက်အမြားကို ခန်းမတခုတည်းတွင် စုဝေးစေခဲ့သည့် ဆုံးဖြတ်ချက်အပေါ် အချို့က စတင်ဝေဖန်နေကြပြီ ဖြစ်သည်။
ပထမအကြိမ် သမ္မတသက်တမ်းအတွင်း မိုက်ပင့်စ်သည် တခုခု မှားယွင်းသွားခဲ့ရင် ဒုတိယသမ္မတအနေနှင့် တာဝန်ယူရမည့် ဝတ္တရားကို စိုးရိမ်သည့်အတွက် ထရမ့်ပ်နှင့်အတူ အိမ်ဖြူတော် ဓာတ်လှေကားကိုပင် အတူတူ မစီးခဲ့သည်ကို တွေ့ရသည်။ သို့သော်လည်း ယမန်နေ့ညက ညစာစားပွဲတွင်တော့ သမ္မတသည် သူ၏ အရိုက်အရာကို ဆက်ခံရမည့် ဂျေဒီ ဗန့်စ် သာမက ဂျွန်ဆင် တို့နှင့် အတူ ရှိနေခဲ့သည်။
အကယ်၍သာ ထိုသုံးဦးစလုံး ကပ်ဘေးတခုခု ကျရောက်ခဲ့မည် ဆိုလျှင် အမေရိကန်၏ နျူကလီးယားကုဒ်များကို ထိန်းချုပ်ခွင့်သည် ယာယီသမ္မတ (President pro tempore) အဖြစ် တာဝန်ယူရမည့် အသက် ၉၂ နှစ်အရွယ်ရှိ အထက်လွှတ်တော် ဥက္ကဋ္ဌ ဆီနိတ်တာ ချက် ဂရက်စလေ လက်ဝယ် ရောက်ရှိသွားတော့မည် ဖြစ်သည်။
အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကိုယ်စားလှယ် မိုက်ကယ် မက်ကောလ်က ယနေ့ CNN သို့ ပြောကြားရာတွင်…
“တကယ်လို့သာ တခုခု ပေါက်ကွဲခဲ့မယ်ဆိုရင် အာဏာဆက်ခံမဲ့ အစဉ်လိုက်အတိုင်းဖြစ်တဲ့ သမ္မတ၊ ဒုတိယသမ္မတနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ သုံးဦးစလုံးကို တပြိုင်နက်တည်း ထိခိုက်ဆုံးရှုံးသွားစေနိုင်ပါတယ်။ Secret Service အနေနဲ့ သမ္မတနဲ့ ဒုတိယသမ္မတ နှစ်ဦးစလုံးကို တနေရာတည်းမှာ အတူတူရှိနေစေမဲ့ ကိစ္စကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်လို့ ကျနော် ထင်ပါတယ်။”
အစိုးရအဖွဲ့ တာဝန်ရှိသူအချို့သည် သမ္မတ ထရမ့်ပ်နှင့်အတူ စင်မြင့်ပေါ်တွင် ဗန့်စ်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ကြသည်။ ထို့အပြင် စားပွဲပေါင်း ၁၀၀ ကျော်တွင်လည်း ဝန်ကြီးအဖွဲ့ဝင် အများအပြားမှာ ဟိုတစု သည်တစု ပျံ့နှံ့ထိုင်နေခဲ့ကြသည်။ ၎င်းတို့သည် အာဏာဆက်ခံမှု အစဉ်အလာကို ရည်ညွှန်းပြီး ယခုညသည် “သမ္မတ ဂရက်စလေ” နှင့် အဆုံးမသတ်ပါစေနှင့်ဟုပင် နောက်ပြောင်ပြောဆိုခဲ့ကြသည်။
လှစိုးဝေ
(၂၀၂၆ ဧပြီ ၂၆ The Atlantic မဂ္ဂဇင်းပါ A Dark New Litmus Test for Power in Washington ဆောင်းပါးကို ပြန်လည် တင်ပြသည်။)











