DVB Logo
Home
မြန်မာသတင်း
ကလေးဝမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး
DVB
·
April 30, 2025
ကလေးဝမြို့နယ်ကို စစ်တပ်က ဗုံးကြဲ၊ ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ် ၃ လုံး ပျက်စီး
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ဧပြီ ၂၉ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Kalewa People Defence Organization ရဲ့ ပြန်ကြားရေးတာဝန်ခံက‌ “ကျနော်တို့ ကလေးဝမြို့နယ်ထဲက ဆင်ခေါင်း၊ ကျွဲနန် နဲ့ ဂဇက်ရွာတွေကို Y12 လေယာဉ်နဲ့ ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်သွားတာပါ။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ လူနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ကျွဲနန်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသား ၁ ယောက်နဲ့ ဂဇက်ကျေးရွာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့​တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက “အဲဒီရွာတွေကို ဗုံးတွေကြဲတာမနည်းဘူး၊ ၁၅ လုံးလောက်ရှိတယ်။ ကံကောင်းတာက ဗုံးတွေ အကုန်လုံး ရွာထဲမကျဘဲ ရွာပြင်နဲ့ ရွာတွေဘေးက ချောင်းထဲကျလို့ တော်သေးတာ။ မြေပြင်မှာ စစ်ကြာင်းထိုးတာလည်းမရှိ၊ တိုက်ပွဲဖြစ်တာလည်း ဘာမှမရှိပါဘဲ အကြောင်းမဲ့တိုက်ခိုက်တာပါ။ ကလေးဝမြို့နယ်ထဲကို အခုတပတ်ထဲမှာ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိနေပြီးတော့ အရပ်သားသေဆုံးရတာ ၅ ယောက်အထိရှိနေပါပြီ” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း ကလေးဝမြို့နယ်ထဲက စစ်ကောင်စီတပ်အထိုင်စခန်းရှိတဲ့ မစိန်ကျေးရွာကို Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့​တာကြောင့် ရွှေမျောလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူ ၃ ယောက် သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။

ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နတဲ့ စစ်ကောင်စီတပ် အမြန်ဆုံးအမြစ်ပြတ်နိုင်ဖို့အတွက် တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ကြဖို့ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013