DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ် ၃ ရက်ကြာတိုက်ပွဲတွင် စစ်သား ၃၀ နီးပါးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
April 30, 2025
ကလေးမြို့နယ် ၃ ရက်ကြာတိုက်ပွဲတွင် စစ်သား ၃၀ နီးပါးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
1 / 7
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းမှာ ဧပြီ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၃ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Chin National Army (CNA) ဆီကနေ သိရပါတယ်။

CNA ရဲ့ ပြန်ကြားရေးအရာရှိတယောက်က “ကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာကို စစ်ကြောင်း ၂ ကြောင်းထိုးလာတယ်။ သူတို့အင်အားက ၃၀၀ ဝန်းကျင်ရှိတယ်။ အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က အထိနာပြီး ပြန်ဆုတ်သွားကြတယ်” လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲအတွင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါးသေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေးခရိုင် ပကဖ တာဝန်ခံ ကိုစစ်ငြိမ်းအောင် က “ကျနော်သိရသလောက်ပြောရရင် တိုက်ပွဲတွေမှာ တိုက်ခိုက်ခဲ့တဲ့ တပ်ရင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါမှာ သူတို့ဘက်က ၂၇ ယောက်သေတယ်။ သေတဲ့အထဲမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ သူတို့ရဲဘော်တွေကို ပြန်ပစ်သတ်သွားတဲ့ပုံပေါ်တယ်။ ဒဏ်ရာနည်းနည်းပဲ ရတဲ့သူတွေကိုတော့ ပြန်သယ်ပြီး စစ်ကြောင်းပြန်ဆုတ်သွားကြတယ်။ အရှင်ဖမ်းမိတာတော့မရှိဘူး” လို့ DVB ကို ပြောပါတယ်။

အဲ့ဒတိုက်ခိုက်မှုကို CNA/CDF KKG၊ VOKok PDF၊ MCR တို့နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်ဒေသက တပ်ရင်း၊ တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အဆိုပါတိုက်ပွဲတွေအတွင်း ဧပြီ ၂၆ ရက်နေ့၊ ညနေပိုင်းမှာ နတ်ချောင်းကျေးရွာ၊ နတ်မြောင်းကျေးရွာ၊ ချောင်းခွကျေးရွာတွေနဲ့ ဧပြီ ၂၇ ရက်နေ့၊ မနက်ပိုင်းမှာလည်း အောင်ချမ်းသာကျေးရွာနဲ့ ငါးဖားကျေးရွာတွေကို ရဟတ်ယာဥ်၊ တိုက်လေယာဥ်တွေ၊ လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တွေပျက်စီးပြီး ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ရသေးတယ်လို့ သိရပါတယ်။

ကလေးမြို့နယ် ပအဖ ရဲ့ လူသားစာနာတာဝန်ခံက “ကလေးမြို့နယ်ထဲက ရွာ ၆ ရွာကို ၃ ရက်ဆက်တိုက်လောက် ဂျက်ဖိုက်တာတွေ၊ Y12 လေယာဥ်တွေ၊ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဥ်တွေနဲ့ ဗုံးအလုံး ၃၀ ကျော် ၄၀ နီးပါးလောက် ကြဲချသွားခဲ့တာပါ။ ပြည်သူ ၈ ယောက်ယောက်ဆုံးခဲ့ပါတယ်။ ဒဏ်ရာရတာကတော့ ၁၀ ယောက်ကျော်တယ်။ အဲဒီထဲမှာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေရှိပါတယ်။ ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်တွေ ၂၀ လောက်လည်း ပျက်စီးခဲ့ပါသေးတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာတော့ ဗုံးကြဲတိုက်ခိုက်ပြီး လှည့်ပတ်ပျံသန်းနေတဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဥ် ၁ စီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြလို့ အရေးပေါ် ဆင်းသက်ခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်ဟာ အခုနှစ်ထဲမှာ တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေကို အရင်နှစ်ကထက် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာလို့  စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013