
ဟောင်ကောင်ရဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေအောက်မှာ အဖျက်အမှောင့် ကျူးလွန်ဖို့ ပူးပေါင်း ကြံစည်မှုနဲ့ ထောင် ၄ နှစ်ကျော် ကျခံခဲ့ရတဲ့ ဒီမိုကရက် ၄၇ ယောက် အမှုထဲက လူပုဂ္ဂိုလ် ပထမအသုတ်ကို ဧပြီလ ၂၉ ရက်မှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဟောင်ကောင် လူထုဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြသူ ကလောက်ဒီယာ မို၊ ကွက်ခ် ကားကီး ၊ ဂျယ်ရမီ တမ်နဲ့ ဂါရီ ဖှမ်တို့အပါအဝင် အမတ်ဟောင်း ၄ ယောက်တို့ကို ဟောင်ကောင်ရှိ သီးခြား အကျဉ်းထောင် ၃ ခုကနေ မိုးလင်းခါနီးမှာ လွှတ်ပေးခဲ့တာပါ။
ရဲအရာရှိတွေဟာ လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကင်းလှည့်နေပြီး အကျဉ်းထောင်တွေဆီ ဝင်ရောက်နိုင်တဲ့ လမ်းတွေကို နာရီနဲ့ချီ ကြိုတင်ကန့်သတ် ပိတ်ဆို့ထားခဲ့ပါတယ်။
လန်းတောင်းကျွန်းရှိ ပိုမိုဝေးလံတဲ့ ရှဲ့ခ်ပစ်ခ် အကျဉ်းထောင်နဲ့ တရုတ်နိုင်ငံနယ်စပ်အနီး လိုဝူ နယ်မြေမှ အမျိုးသမီး ပြုပြင်ရေး အဖွဲ့အစည်းတစ်ခုတို့မှ မော်တော်ယာဉ်တွေလည်း ထွက်ခွာ သွားကြပါတယ်။
ပေကျင်းက ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော်ဥပဒေအောက်မှာ အဖျက်သမားလို့ သတ်မှတ်စွပ်စွဲခံရတဲ့ ဒီမိုကရေစီလိုလားသူ ၄၇ ယောက်ကို ၂၀၂၁ ခုနှစ် အစောပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် တသက်တကျွန်းအထိ ချမှတ်ခံခဲ့ရပါတယ်။
သူတို့ထဲက ၄၅ ယောက်ဟာ အချိန်ရှည်လျားလှတဲ့ တရားစီရင်မှုမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး ၂ ယောက်သာ တရားသေ လွတ်မြောက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် တနှစ်လုံးနီးပါး ဟောင်ကောင်မှာ ကြီးမားပြီး အချိန်ကြာကြာ တောင့်ခံနိုင်ခဲ့တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီးကတည်းက တရုတ်အစိုးဟာ ဒီမိုကရေစီ အတိုက်အခံတွေ အပြင် လစ်ဘရယ် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို အမျိုးသားလုံခြုံရေးဥပဒေတွေနဲ့ နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။
Source: Reuters