တရုတ်နိုင်ငံရဲ့ မျိုးချစ်ဒီမိုကရက်တစ်လှုပ်ရှားမှုတွေကို ထောက်ခံလို့ ဖျက်သိမ်းခံလိုက်ရတဲ့ ဟောင်ကောင် မဟာမိတ်အဖွဲ့နဲ့ ခေါင်းဆောင်ဟောင်း ၃ ယောက်ကို အထင်ကရ အမျိုးသားလုံခြုံရေးအမှုနဲ့ စက်တင်ဘာ ၁၁ ရက်မှာ ပြစ်ဒဏ်ချမှတ်ဖို့ ဟောင်ကောင်တရားရုံးက စီစဉ်ထားပါတယ်။
အရင်က မဟာမိတ်အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ အသက် ၆၉ နှစ်အရွယ် လီချောက်ယန်နဲ့ အသက် ၄၁ နှစ်အရွယ် ချောင်ဟန်တန်တို့ဟာ သြဂုတ်လမှာ မြို့ရဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ ပုန်ကန်ဖို့ လှုံ့ဆော်မှုနဲ့ အပြစ်ရှိတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ၂ ယောက်စလုံးကို ၅ နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားပြီးသားပါ။
နောက်ထပ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ဟောင်းတယောက်ဖြစ်တဲ့ အဲလ်ဘတ်ဟိုကတော့ အပြစ်ရှိကြောင်း ဇန်နဝါရီလမှာ ဝန်ခံခဲ့ပါတယ်။
လီနဲ့ ချောင်တို့ဟာ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
ဖျက်သိမ်းခံ ဟောင်ကောင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်းနဲ့ ဒုတိယဥက္ကဋ္ဌတွေ ဖြစ်တဲ့ ဒီ ၃ ယောက်ဟာ တရုတ်ပြည်မကြီးအစိုးရက ချမှတ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ ၂၀၂၀ ခုနှစ် ဇူလိုင်လကနေ ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်အာဏာကို ဖျက်ဆီးဖို့ လှုံ့ဆော်မှုနဲ့ တရားစွဲခံခဲ့ရပါတယ်။
မဟာမိတ်အဖွဲ့က ဗစ်တိုးရီးယားပန်းခြံမှာ ဟောင်ကောင်ရဲ့ နှစ်ပတ်လည် တီယန်နန်မင်ရင်ပြင် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲကို ဆယ်စုနှစ်များစွာ စီစဉ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဖြိုခွင်းမှုကို အောက်မေ့ဖွယ်အဖြစ် လူထောင်ပေါင်းများစွာကို ဆွဲဆောင်ခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ အမျိုးသားလုံခြုံရေးဥပဒေ အသက်ဝင်ပြီးကတည်းက အာဏာပိုင်တွေက နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွေ၊ အများပြည်သူဆိုင်ရာ အောက်မေ့ဖွယ်အခမ်းအနားတွေ မလုပ်ဖို့ တားမြစ်ခဲ့ပါတယ်။











