
ထင်ရှားတဲ့ ဟောင်ကောင်ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ဂျိုရွှာဝေါင်ဟာ နိုင်ငံခြား အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းကြံစည်မှုအတွက် အပြစ်ရှိကြောင်း စက်တင်ဘာ ၂ ရက်မှာ ဝန်ခံခဲ့ပါတယ်။
ဒီအမှုဟာ အများဆုံး ထောင်ဒဏ် တသက် ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ရာဇဝတ်မှု တခုဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝေါင်ဟာ ဟောင်ကောင်က ဆယ်ကျော်သက် ဒီမိုကရေစီ လှုပ်ရှားသူတယောက်အနေနဲ့ နိုင်ငံတကာမှာ ထင်ရှားကျော်ကြားလာခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်မှာ အာရှဘဏ္ဍာရေးဗဟိုချက်ဖြစ်တဲ့ ဟောင်ကောင်မှာ တရုတ်ပြည်မကြီး အစိုးရက ပြဋ္ဌာန်းခဲ့တဲ့ ကျယ်ပြန့်တဲ့ အမျိုးသားလုံခြုံရေးဥပဒေကြောင့် ဆန္ဒပြခဲ့တဲ့ လူငယ်အုပ်စုထဲက တယောက် ဖြစ်ပါတယ်။
သူ့ကို သယ်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ အကျဉ်းထောင်ဝန်ဆောင်မှုဌာနရဲ့ ဗင်ကားတစီးဟာ ရဲတွေ ထူထူထပ်ထပ် ဝန်းရံထားတဲ့ကြားက အဒ်မစ်ရယ်တီခရိုင်က ဟောင်ကောင်ရဲ့ အထက် တရားရုံးဆီ ရောက်လာခဲ့ပါတယ်။
ဝေါင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တရားဝင်မဟုတ်တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားသူ အုပ်စုဝင် ဖြစ်ခဲ့ပြီးတဲ့နောက် နိုင်ငံတော်ကို ပုန်ကန်ဖို့ ပူးပေါင်းကြံစည်မှုဆိုတဲ့ စွဲချက်ဟောင်းအတွက် ပြစ်ဒဏ်ကို ထမ်းဆောင်နေရပါတယ်။
သူ့ရဲ့ လက်ရှိပြစ်ဒဏ်ဟာ နောက်နှစ်မှာ သက်တမ်းကုန်ဆုံးဖို့ စီစဉ်ထားချိန်မှာ ခုလို ပုဒ်မသစ်အတွက် ဝန်ခံချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Source:Reuters











