DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည် ငလျင်ဒဏ်သင့်မိသားစုများအတွက် စားစရာနှင့် အလုပ်အကိုင် ကူညီပေး
DVB
·
April 29, 2025
ကျောက်ဆည် ငလျင်ဒဏ်သင့်မိသားစုများအတွက် စားစရာနှင့် အလုပ်အကိုင် ကူညီပေး
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ငလျင်ဒဏ်သင့်ခဲ့တဲ့သူတွေထဲက အခြေခံလူတန်းစား အိမ်ထောင်စု ၁၀၀ အတွက် ယာယီစခန်းတွေမှာ နေထိုင်စေပြီး စားသောက်စရိတ်အခမဲ့နဲ့ အလုပ်အကိုင်အခွင်အလမ်းတွေ ဖန်တီးပေးထားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကျောက်ဆည်မြို့မှာ  နေအိမ်၊ အဆောက်အအုံ  ၁၄၇ လုံးဟာ လုံးဝပြိုကျခဲ့ပြီး တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကျောက်ဆည်မြို့မှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၀၈ ယောက်၊ ဒဏ်ရာရသူ ၂၀၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က “ပြန်လည်ထူထောင်ရေးတွေ လုပ်နေပါပြီ။ အခြေခံလူတန်းစားတွေကို camp လေးတွေ သွင်းထားတယ်။ သူတို့က ပိုတောင် ကောင်းသေးတယ်။ အလုံးစုံကောင်းတယ်။ ထူထောင်ရေးမှာ   တချို့ အိမ်အလုံးလိုက် လှူထားတာတွေရှိတယ်။ မေတ္တာကွန်ခိုရာအဖွဲ့အစည်းကလည်း သူတို့ကလည်း အခုလာနေတဲ့ အိမ်ထောင်စု ၁၀၀ စာအတွက်ကို စားသောက်စရိတ်လုံးဝအခမဲ့။ အလုပ်အကိုင်အခွင့် အလမ်းတွေပေးထားတယ်။ သူတို့မှာ ဝင်ငွေရှိတယ်”လို့ ပြောပါတယ်။

ငလျင်ဒဏ်သင့်ပြည်သူတွေကို ပြန်လည်ထူထောင်ရေးအတွက် အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတော့ ထောက်ပံ့တာ မရှိသေးပါဘူး။ ဒါအပြင် ကျန်ရှိနေတဲ့ အခြေခံ လူတန်းစား တချို့က ကိုယ်အစီအစဉ်နဲ့ ကိုယ်နေထိုင်သူတွေလည်း ရှိနေပါတယ်။ လူတိုင်း ကိုယ်အိမ်လေးနဲ့ ကိုယ်ပြန်ပြီး ပိုင်ဆိုင်စေချင်တယ်လို့ ကျောက်ဆည်မြို့ခံ တွေက ပြောပါတယ်။

ကျောက်ဆည်မြို့ခံတယောက်က “ဘာတွေလိုအပ်လဲဆိုတော့ အဓိက ကတော့ ပိုက်ဆံပေါ့။  ပိုက်ဆံရှိရင်တော့ အိမ်တွေဘာတွေ ဆောက်လုပ်ရမှာပေါ့။ အစိုးရက ထောက်ပံ့တာ မကြားမိသေးဘူး။ အခုကတော့ ချေးငှားပြီးတော့လုပ်နေရတာပေါ့။ မလုပ်လို့လည်း မရဘူးလေ။ ချေးငှားလို့ရတဲ့သူတွေလည်း ရှိသလို ချေးငှားလို့မရတဲ့သူတွေလည်း ရှိမှာပေါ့။  လူတိုင်း ကိုယ်အိမ်လေးနဲ့ ကိုယ်ပြန်ပြီးတော့ ပိုင်ဆိုင်စေချင်တာပေါ့။  ဒါကတော့ မဖြစ်နိုင်မှန်းတော့ သိပါတယ်။ ကျန်တဲ့သူအတွက်ကလည်း  ဒီလိုပဲ နီးစပ်တဲ့ အိမ်မှာ အကူအညီတောင်းပြီး နေကြရတယ်”လို့ ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ် ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄,၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၁,၀၀၀ ကျော်၊ ငလျင်ဘေးသင့်သူ ၁၉၀,၀၀၀ ကျော်ရှိခဲ့ပြီး နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ DVB က ဧပြီ ၁၆ ရက်အထိ စုစည်း ရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013