
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဈေးတန်းရပ်၊ ဒေါ်သိုက်ကြီးကွေ့အနားမှာ စစ်အာဏာရှင်တပ်က အရာခံဗိုလ်တယောက် မောင်းလာတဲ့ဆိုင်ကယ် မှောက်ပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ကျောက်ဆည်မြို့ ပင်မခဲယမ်းမီးကျောက်တပ်က အသက် ၅၀ ကျော်အရွယ်ရှိ အရာခံဗိုလ်အောင်မင်းကြည် ဆိုသူဖြစ်ပြီး ဇူလိုင် ၇ ရက် မနက်အစောပိုင်း ၁ နာရီမှာ ဆိုင်ကယ်မှောက် သေဆုံးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး စလစ်ဖြစ် မှောက်တာလို့ သိရတယ်။ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် အောင်မင်းကြည်က ဦးခေါင်းနဲ့ မျက်နှာ ထိခိုက်ဒဏ်ရာ၊ ဇက်ကျိုးအခြေအနေနဲ့ တခါတည်း ပွဲချင်းပြီး သေသွားတာ” လို့ ပြောပါတယ်။
သေဆုံးအရာခံဗိုလ် အောင်မင်းကြည်ရဲ့ အလောင်းကို မြို့ခံ လူမှုကူညီရေးအသင်းတွေက ကောက်ယူပြီး ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကို ရောက်နေတဲ့ သေဆုံး အောင်မင်းကြည်ရဲ့ အလောင်းကို စစ်အာဏာရှင်တပ်က စစ်ဆေးရုံမှာ စစ်ဆေးမယ်လို့ဆိုပြီး လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။










