
၅ နှစ် အပစ်အခတ်ရပ်စဲရေးအတွက် အစ္စရေး ဓားစာခံအားလုံးကို ပြန်လွှတ်ပေးဖို့ ဟားမတ်စ် အကြီးတန်း ခေါင်းဆောင် ခါလစ်လ် အယ်လ် ဟေယာ ခေါင်းဆောင်တဲ့ ဟားမတ်စ်ကိုယ်စားလှယ် အဖွဲ့က ကိုင်ရိုမှာ ဧပြီ ၂၆ ရက်က သဘောတူခဲ့တယ်လို့ အီဂျစ် လုံခြုံရေးသတင်းရင်းမြစ်တရပ်က ပြောပါတယ်။
ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့က ကမ်းလှမ်းချက်အမျိုးမျိုးကို ပြန်လှန်သုံးသပ်ပြီးတဲ့နောက် ၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို လက်ခံခဲ့တာပါ။ ဂါဇာက စစ်ပွဲအဆုံးသတ်ရေး ကြိုးပမ်းချက်တွေကို အရှိန်မြှင့်ဖို့ ဧပြီ ၂၆ ရက် ဆွေးနွေးချက်တွေဟာ အလွန်အရေးကြီးတယ် လို့လည်း ဖော်ပြခဲ့ပါတယ်။
အခုအချိန်အထိ အစ္စရေးက ဘယ်အဆိုပြုချက်ကိုမှ တရားဝင် မတုံ့ပြန်သေးပေမဲ့ ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး ဆက်ညှိဖို့ မီးစိမ်းပြထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ်တွေ အပြည့်အဝ ဆုတ်ခွာသွားရေးနဲ့ နယ်မြေအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ရေးအတွက် ဟားမတ်စ်အဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားမယ်လို့ အီဂျစ်အခြေစိုက် အယ်လ် ကာဟေရာ သတင်းမှာ ဖော်ပြပါတယ်။
ဆွေးနွေးပွဲတွေထဲမှာ ဂါဇာကမ်းမြောင်အစိုးရကို စီမံခန့်ခွဲဖို့ ကော်မတီတရပ် ဖွဲ့စည်းရေးလည်း ပါဖို့ မျှော်လင့်ထားပါတယ်။ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား စေ့စပ်ညှိနှိုင်းမှုတွေ ဆက်ပြီး ရပ်တန့်နေရင် အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်က ဟားမတ်စ်တွေအပေါ် စစ်ရေးအရ ထိုးစစ်ဆင်မှု သိသိသာသာ တိုးချဲ့လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဧပြီ ၂၆ ရက်ထုတ် Times of Israel သတင်းစာက ဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်း ၅၆ ဦး သေဆုံးပြီး ၁၀၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအခြေစိုက် ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသဆီ စားနပ်ရိက္ခာနဲ့ အကူအညီတွေ အားလုံးကို အစ္စရေးက လုံးဝ ပိတ်ဆို့ တားဆီးထားတာ သီတင်းပတ် ၈ ပတ်ကျော်လာလို့ အငတ်ဘေးအတွက် စိုးရိမ်မှု ကြီးထွားလာနေပါတယ်။
လွန်ခဲ့တဲ့ ၁၈ လကတည်းက ဂါဇာကမ်းမြောင် စစ်ပွဲမှာ ပါလက်စတိုင်း ၅၂,၂၄၃ ဦးထက်မနည်း သေဆုံးပြီး ၁၁၇,၆၃၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီးပြီလို့ ယူဆရတာကြောင့် စုစုပေါင်း သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ဂါဇာကမ်းမြောင်ဒေသ အစိုးရမီဒီယာရုံးက ပြောထားပါတယ်။
Source: Reuters