DVB Logo
Home
မြန်မာသတင်း
လေးမျက်နှာတွင် စစ်တပ်က အရပ်သားများ၏ ဖုန်းများကို လိုက်လံသိမ်းဆည်းနေ
DVB
·
April 29, 2025
လေးမျက်နှာတွင် စစ်တပ်က အရပ်သားများ၏ ဖုန်းများကို လိုက်လံသိမ်းဆည်းနေ
Donate to DVB

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်က တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းယူထားပြီး အဆက်အသွယ် ဖြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

စစ်ကောင်စီတပ်က ဧပြီလ ၂၇ ရက်က စတင်ပြီးတိုက်ပွဲဖြစ်နေတဲ့ လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက အရပ်သားတွေရဲ့လက်ကိုင် ဖုန်းတွကို လိုက်လံသိမ်းယူထားပြီး အဆက်အသွယ်ဖြတ်တောက်ထားတာလို့ ဆိုပါတယ်။ 

လေးမျက်နှာမြို့နယ် ပန်းတောကြီးရွာ စစ်ဘေးရှောင်တယောက်က “စကစတပ်က အရပ်သားတွေရဲ့ ဖုန်းတွေကို ဘာမှကို မပြောဘဲ သိမ်းသွားတာလို့ သိရတယ်။ ဖုန်းမရှိဘူးဆိုပြီး လိမ်ပြောဝှက်ထားတဲ့သူတွေလောက်ပဲ ဖုန်းသုံးနေရတာ။ အခု အဆက်အသွယ်ပြတ်တဲ့သူတွေ ပြတ်နေတယ်။ တော်တော်ဒုက္ခရောက်နေတယ်။ တော်တော်လုပ်ရက်ကြတယ်” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က ဧပြီ ၂၇ ရက်နေ့ကတည်းက သိမ်းထားတဲ့ အရပ်သားတွေရဲ့ လက်ကိုင်ဖုန်းအလုံး ၂၀၀ ကျော်ကို ဒီနေ့ ဧပြီ ၂၉ ရက်အထိ ပြန်ပေးတာမရှိသေး သလို လိုက်လံရှာဖွေ ထပ်မံသိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။ 

စစ်ဘေးရှောင်အရေးကူညီပေးသူ တယောက်က “မြေပြင်စစ်ရေးအခြေအနေသတင်းတွေ၊ အရပ်သားတွေအပေါ် အနိုင်ကျင့်တာတွေကို အရပ်သားဒေသခံတွေက အွန်လိုင်းပေါ်တင်တာ၊ သတင်းဌာနတွေကို ဖြေပေးတာ၊ ဓာတ်ပုံတွေ ပေးတာတွေ ပူးပေါင်းလုပ်နေတာကို တားဆီးဖို့နဲ့ စကစတပ်က သူတို့ ယုတ်မာတာတွေကို ဖုံးဖိဖို့အတွက် အခုလိုလုပ်တာ” လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ဖုန်းတွေကို သိမ်းယူတာ လက်မခံဘဲ ငြင်းသူတွေကို ဖမ်းဆီးရိုက်နှက်တာတွေလုပ်နေပြီး ဖုန်းတွေကို ခိုးဝှက်သုံးစွဲရင် ဖမ်းဆီးအပြစ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုနေတယ်လို့ သိရပါတယ်။ 

လေးမျက်နှာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ဧပြီ ပထမ အပတ်ကစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး လက်ရှိ ဆီဆုံကုန်းကျေးရွာအနီးမှာ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013