DVB Logo
Home
မြန်မာသတင်း
မင်းလှတိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
DVB
·
April 29, 2025
မင်းလှတိုက်ပွဲတွင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
Donate to DVB

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ဧပြီ ၂၈ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး  လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တာဝန်ခံက ပြောပါတယ်။

“မနက် ၅ နာရီလောက်မှာ အင်အား ၇၀ နဲ့ ၈၀ လောက်ပါတဲ့ တပ်စစ်ကြောင်းက ဆားချောင်းရွာကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ပြီး ငမိုးရိပ်ရွာကို ဝင်လာတယ်။ ငမိုးရိပ်ရွာကနေ ဇရစ်မြောင်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာတဲ့ မနက် ၇ နာရီခွဲလောက်မှာ အဲဒီဘက်က တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။” 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးသလို ဒဏ်ရာရရှိသူတွေ ထွက်ပြေးသွားကြကာ လက်နက်ငယ် ၁၁ လက်၊ ကွန်မန်ဒိုပြောင်းတို ၁ လက်အပါအဝင် ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဘက်က Mi 35 ရဟတ်ယာဥ် ၁ စီး၊ ဂျက်ဖိုက်တာလေယာဥ် ၂ စီးတို့အပြင် မြေပြင်စစ်ကူတွေလည်း ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း စစ်ရေးတာဝန်ခံက “မြေပြင်တိုက်ပွဲက ၂ နာရီဝန်းကျင်လောက် ကြာခဲ့တယ်ဗျ။ သူတို့ဘက်က လေကြောင်းပစ်ကူတွေနဲ့ မြေပြင်စစ်ကူတွေ အလွန်အကျွံသုံးပြီးတော့ ခံတိုက်တာတောင် ပထမ စစ်ကြောင်းမှာ ပါတဲ့သူတွေနဲ့ စစ်ကူလာတဲ့ကောင်တွေ ၁၂၀ လောက် ပြန်ဆုတ်ပြေးပြီး ထောက်ကြန့်ရွာဘက်က ဘုန်ကြီးကျောင်းမှာ အထိုင်ချနေတယ်လို့ သိရတယ်ဗျ။ မင်းလှနယ်ထဲမှာ လက်ရှိ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါပဲ” DVB ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း ၁ ယောက် အရှင်ဖမ်းမိထားသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ဆင်ရေးနယ်မြေ ၂၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ရဲ့ တပ်ရင်းတွေဖြစ်ကြတဲ့ ၃၇၀၁၊ ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃ တို့နဲ့အတူ မဟာမိတ်တပ်ဖွဲ ACDF (Asho Chin Defense Force) လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013